Showing posts with label အာဇာနည်တို.စကား. Show all posts
Showing posts with label အာဇာနည်တို.စကား. Show all posts

Thursday, August 11, 2011

စောဘဦးကြီးရေးခဲ့တဲ့ ခိုင်မြဲတည်တံ့သောအစိုးရ



တိုင်းပြည်မရှိသော လူတမျိုးသည် လူမျိုးကြီးတမျိုးဟု ကမ္ဘာကအသိ၊ ၎င်းလူမျိုးသည် ကိုယ့်မင်းကိုယ့်ချင်းနှင့် နေနိုင်ခွင့် မရဘဲ တပါးအမျိုးသားများ၏ လက်အောက်၌သာ နေထိုင်ကြရခြင်းကြောင့်ဖြစ်ပေသည်။ အမှတ်ပြုလိမ့်မည် မဟုတ်ချေ။ အကြောင်းမူကား ပင်ကိုယ်တိုင်းပြည် ရှိနှင့်သောလူတမျိုးသည် ကိုယ့်မင်းကိုယ်ချင်းနှင့်မနေရသော် မိမိတို့၏ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပြီး၊ နိုင်ငံရပ်ခြားတိုင်းတပါးသားများ၏ လက်အောက်ခံအဖြစ်ဖြင့်သာ အောက်ကျ နောက်ကျရှိကြရလေသည်။ သို့ရာတွင် ကိုယ့်မင်းကိုယ့်ချင်းနှင့်ရှိသော လူမျိုးတို့သည်ကား သူတပါး၏လက်အောက်ခံသို့မရောက်စေရန် ခိုင်မြဲတည်တံ့သော အစိုးရကိုရရန်အတွက် အင်တိုက်အားတိုက်လုံးပန်းကြရမည်ပင် ဖြစ်သည်။ အောက်ပါအချက်ကြီး (၃) ချက်နှင့် ပြည့်စုံသောအစိုးရသည် ကာလကြာမြင့်စွာတည်တံ့နိုင်မည်ဖြစ်ပေသည်။

(၁) လူထုမေတ္တာ။

အစိုးရတိုင်း၌ ပထမလိုအပ်သောတာဝန်ဝတ္တရားသည်ကား တိုင်းပြည်အတွင်းငြိမ်ဝပ်ပိပြားအောင် စောင့်ရှောက် ထိန်းသိမ်းရေးပင်ဖြစ်သည်။ တိုင်းပြည်အတွင်း ငြိမ်ဝပ်ပိပြားရေရရှိသည်နှင့်အမျှ တိုင်းရင်းသား၏ သက်သာချောင်ချိရေးသည် ပေါက်ဖွါးလာကာ အစိုးရအပေါ်၌ ကြည်ညိုအားထားလေးစားသော မေတ္တာစိတ်များသည် အလိုအလျောက် ဖြစ်ပေါ်လာမည်ဖြစ်ပေသည်။ လူထု၏ မေတ္တာအစစ်အမှန်ကို တကယ်တန်းရရှိသော အစိုးရသည် မိမိတို့၏စီမံအုပ်ချုပ်မှု၌ အခက်အခဲဟူသ၍တို့ကို လွယ်ကူစွာအောင်မြင်နိုင်မည်ဖြစ်သဖြင့် အုပ်ချုပ်ရေးတည်တံ့မှုကို ရရှိနိုင်မည်ဖြစ်ပေသည်။ သို့ဖြစ်၍ တည်တံ့ခိုင်မြဲလိုသောအစိုးရတိုင်း တိုင်းပြည်၏မေတ္တာကို ရယူသင့်ကြပေသည်။

(၂) လူထု၏ကြည်ညိုခြင်း။

အစိုးရ၏အုပ်ချုပ်မှုတည်တံ့ရေးတွင် အကျုံးဝင်လျက်ရှိသော အရင်းခံဝတ္တရားကြီးတခုသည်ကား တိုင်းပြည်၏ကိုယ်စားလှယ် အစစ်အမှန်များကို တရားသောနည်းအတိုင်းရွေးကောက်တင်မြောက်၍ အဆိုပါကိုယ်စားလှယ်များက ရေးဆွဲသောဥပဒေများကို တိုင်းရင်းသားအားလုံးစည်းကမ်းသေ၀ပ်စွာ ညီညီညာညာလိုက်နာကြခြင်းပင်ဖြစ်၏ အစိုးရသည် တိုင်းပြည်၏ စည်းကမ်းဥပဒေအရ တရားသဖြင့်အုပ်စိုးနိုင်မှသာလျှင် လူထုကြည်ညိုခြင်းကို ခံရလိမ့်မည်ဖြစ်ပေသည်။

လူထု၏ ကြည်ညိုခြင်းကိုရရှိမှသာလျှင် အုပ်ချုပ်ရေးတည်တံ့ခိုင်မြဲမည်ဖြစ်ပေသည်။ မျက်နှာကြီးငယ်လိုက်ခြင်း၊ အဂတိ တရားလိုက်စားခြင်း၊ လာတ်ပေးလာတ်ယူမှုများကို လက်သင့်ခံခြင်း စသည်တို့ဖြင့် မကင်းသောအစိုးရသည် လူထု၏ အကြည်ညိုကို အခိုက်အတန့်မျှသာရယူနိုင်မည်ဖြစ်သဖြင့် လူထု၏ ထောက်ခံမှုကိုကြာမြင့်စွာမရနိုင်ဘဲ အုပ်ချုပ်ရေးတည်တံ့မှုကို ပျက်ပျားစေရန် အကြောင်းတရပ်ဖြစ်ပေသည်။

(၃) လုံခြုံမှုအတွက်စိတ်ချရခြင်း။

တိုင်းသူပြည်သားအားလုံးတို့၏ လုံခြုံစွာနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရသည် စီမံပေးနိုင် ရမည်ဖြစ်၏။ ပြည်တွင်း၏ ဆူးညှောင့်ခလုပ်များဖြစ်ကြသောခိုးသား၊ ဓားပြနှင့် သောင်းကျန်းသူများကို နှိမ်နှင်းနိုင်ရမည့်အပြင် ပြည်ပဖြစ်သော တိုင်းတပါးသားတို့၏ ဘေးရန်ကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိရမည်ဖြစ်ပေသည်။

တိုင်းပြည်အတွင်းလုံခြုံမှုအတွက် စိတ်ချလက်ချမနေကြရလျှင် တိုင်းရင်းသားများသည် မိမိတို့၏ အစိုးရအပေါ်တွင်အယုံအကြည်ပျက်ပျားက အုပ်ချုပ်မှုတည်တံ့ရေးကို ချက်ချင်းထိခိုက်နိုင်စရာ အကြောင်းရှိပေသည်။ ဖေါ်ပြပါ အချက်ကြီး (၃) နှင့် ပြည်စုံသော အစိုးရတိုင်းသည် မိမိတို့၏ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ ယုံကြည်အားထားမှု၊ ကြည်ညိုလေးစားမှု၊ စိတ်သက်သာမှုစသည်တို့ကို တကယ်တန်းရရှိနိုင်မည်ဖြစ်ရာ တိုင်းရင်းသားအားလုံးကြီးပွါးတိုးတက်မှု သက်သာချောင် ချိမှုတို့ကြောင့် စည်ပင်ဝပြောသော တိုင်းပြည်အဖြစ်သို့ အသွင်ပြောင်းနိုင်မည်ဖြစ်သည့်အတိုင်း တည်တံ့ခိုင်မြဲသော အစိုးရအဖွဲ့တိုင်းသည် တည်တံ့ခိုင်မြဲသောအစိုးရဖြစ်လိုသော ဖေါ်ပြပါအချက်ကြီး (၃) ချက်ကို လက်မလွှတ်သင့်ကြောင်း ရေးသားရပေသတည်း။

http://www.naytthit.net/?p=16936

(ဆက်ဖတ်ရန်...................)