Wednesday, December 21, 2011

KNU နယ်မြေ ဓါတ်သတ္တုတူးဖော်ရန် ကုမ္ပဏီများ မျက်စိကျ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေများ အတွင်းမှ ဓါတ်သတ္ထုများ တူးဖေါ်ရန် မြန်မာစီးပွားရေး လုပ်ငန်းရှင်များက ဆက်သွယ် ကြိုးပမ်းလာမှုများ ရှိနေကြောင်း ကရင်ခေါင်းဆောင်များက ပြောသည်။

စီးပွားရေး ကုမ္ပဏီကြီးများက ရွှေ၊ ခနောက်စိမ်းများ လာရောက် စမ်းသပ်ရှာဖွေ ထုတ်ယူမှုများလုပ်နိုင်ရန် ကြိုးပမ်း လာကြခြင်း ဖြစ်သည်။

“တချို့ကလည်း ကြားပွဲစားတွေလွှတ်ပြီး ညှိခိုင်းတာတွေ ရှိတယ်။ တချို့ကလည်း နယ်စပ်က ပိုင်ရာဆိုင်ရာတွေနဲ့ လုပ်လာတာတွေ ရှိတယ်။ ဒီထဲကနေ ခင်ဗျားတို့ကို အကျိုးအမြတ် ဘယ်လိုခွဲပေးမယ်။ သူတို့က ဘယ်လိုယူမယ် စသဖြင့်ပေါ့။ စီးပွားရေးသမား ကုမ္ပဏီတွေ အမျိုးမျိုးက လာဆက်သွယ်ကြတာပေါ့။” ဟု KNU ထိပ်ပိုင်း တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။ သို့သော် ကုမ္ပဏီ အမည်များကို ပြောဆိုရန် ငြင်းဆန်သည်။


ကရင်ပြည်နယ် ရွှေတွင်းလုပ်ငန်းခွင် တခု။ ဓာတ်ပုံ - KHRG
KNU ထိန်းချုပ်မှုအောက်ရှိ တပ်မဟာ ၇ ခုအနက်
တပ်မဟာ ၂၊ ၃၊ ၅ တို့မှာ ရွှေထွက်ရှိပြီး၊ တပ်မဟာ
၁၊ ၄ နှင့် ၆ တို့မှာ ခနောက်စိမ်း ထွက်ရှိရာနေရာများ
ဖြစ်ကာ လတ်တလော တပ်မဟာ ၆ ဒူးပလာယာခရိုင်
တွင် ခနောက်စိမ်း ထုတ်လုပ်မှုနှင့် ရှာဖွေမှု အများဆုံး
ပြုလုပ်နေလျက် ရှိသည်။ အလားတူ တပ်မဟာ ၇ နယ်မြေတွင်လည်း သံနှင့် ခနောက်စိမ်းများ ထွက်ရှိသည်။

နယ်မြေအတွင်း ရွှေနှင့် ခနောက်စိမ်း ရှာဖွေတူးဖေါ်မှုများ
ပြုလုပ်နေသည့် ကုမ္ပဏီများကို KNU သတ္ထုတွင်းဌာနသို့ အခွန်ပေးဆောင်ရသည်။ KNU ၏ ခွင့်ပြုချက်ဖြင့် ထုတ်လုပ်မှု အောင်မြင်သည့် ကုမ္ပဏီများ ရှိသကဲ့သို့ စမ်းသပ်ဆဲ ကုမ္ပဏီများလည်းရှိကြောင်း သိရသည်။

“အစိုးရဘက်ကနေ အပစ်ရပ်ဖို့ ဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ ကြားမှာ စီးပွားရေးသမားတွေက ကြားခံ ပါလာတယ်။ အဲဒီကြားပွဲစားတွေက ဟိုဘက်ကလည်းရမယ်။ ဒီဘက်ကလည်းရမယ် ဆိုပြီးလုပ်တဲ့ အဲဒီလို စီးပွားရေးသမားတွေ လည်း ရှိတယ်။” ဟု KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက မဇ္ဈိမကို ပြောသည်။

အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံအထိ ကုန်ကျနိုင်သော ရေနက်ဆိပ်ကမ်းအပါအဝင် ထားဝယ်ဖွံ့ဖြိုးမှုစီမံကိန်းသည် KNU ၏ တပ်မဟာ ၄ နယ်မြေအတွင်း ကျရောက်လျက်ရှိသည်။

ထို့အတူ ဒူးပလာယာ ခရိုင် တပ်မဟာ ၆ နယ်မြေရှိ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ် မြို့နယ်များတွင် လည်း သုဝဏ္ဏမြေဆီ ကုမ္ပဏီနှင့် လင်းဖုန်းပြည် ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ရှစ်ခုထက်မနည်း KNU နှင့် ညှိနိုင်းကာ ခနောက်စိမ်း တူဖေါ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်ဟု ဒေသခံများက မဇ္ဈိမသို့ ပြောသည်။

တပ်မဟာ ၇ နယ်မြေ လှိုင်းဘွဲ့မြို့နယ်တွင် ခနောက်စိမ်းတူးဖော်ရေးလုပ်ငန်း လုပ်လျက်ရှိသော ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ခွဲထွက်ကာ ကရင် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခဲ့သည့် ပါတီ၏ခေါင်းဆောင်တဦးဖြစ်သူ ဦးစောသန်းကျော်ဦးက “ရတဲ့ ခနောက်စိမ်းကျတော့ ပြည်တွင်းမှာပဲ ပြန်သွင်းတယ်လေ။ ရတဲ့ဟာကို ကျနော့်ဆီပို့။ ကျနော်ကနေ ရန်ကုန်ပို့တယ်လေ။ အခုတောင်မှ တူးနေတုန်းပဲ။ အများအားဖြင့် ကြာအင်းဆိပ်ကြီးဘက်မှာ KNU နဲ့ ညှိနှိုင်းပြီးတော့ လုပ်တဲ့အနေအထားကများတယ်။” ဟု မဇ္ဈိမကိုပြောသည်။

ဗဟိုအစိုးရနှင့် အပစ်ရပ်ဖို့ ဆွေးနွေးသည့်အခါတွင်မူ နယ်မြေတွင်းရှိ ဓါတ်သတ္ထုများအရေး မည်ကဲ့သို့ ရှိမည်ဆိုသည် ကို ဆွေးနွေးပွဲပြီးမြောက်မှ သိရမည်ဖြစ်သော်လည်း ယင်းတို့ဘက်မှ နိုင်ငံရေးအရ စစ်မှန်သည့် အပစ်ရပ်မှုကိုသာ အလေးထား ကြောင်း KNU တွဲဘက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ ကပြောသည်။

“ဒီကိစ္စနဲ့ပါတ်သက်ပြီး အပစ်ရပ်ဖို့ နှောင့်နှေးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှမပတ်သက်ပါဘူး။ အပစ်ရပ် ပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ လုံးဝ ထည့်ထားတာမရှိဘူး။ အပစ်ရပ်တဲ့အခါမှာ စစ်မှန်တဲ့
နှစ်ဘက် အပစ်ရပ်ဖို့ကို နိုင်ငံရေးစကားပြောတာပဲ ဖြစ်လိမ့်မယ်။” ဟု သူက မဇ္ဈိမကို ပြောသည်။

KNU နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် နှစ်ဘက် ကိုယ်စားလှယ်များက ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ဗုဒ္ဓဟူးနေ့က အကြိုတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်၏ အထူး ကိုယ်စားလှယ် ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က KNU ဘက်က ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ပဒိုအားတိုးနှင့် ပဒိုဒေးဗစ်ထောတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ ပဏာမ ဆွေးနွေးကြခြင်း ဖြစ် သည်။

၂ဝ၁၂ ဇန်နဝါရီလပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် အပစ်ရပ်ရေးအတွက် တရားဝင် တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



http://www.mizzimaburmese.com/news/inside-burma/8793-knu-----.html

0 comments:

Post a Comment