Wednesday, December 21, 2011

ကရင်များစည်းလုံးရန် ဗိုလ်ချုပ် စောလားပွယ် ပြော


ကရင် တမျိုးသားလုံး စည်းလုံးညီညွတ်ရန် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် က ယနေ့ပြောဆိုလိုက်သည်။
ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေမြို့နယ်ခွဲရှိ ဆုံဆည်းမြိုင် စခန်း၌ ကျင်းပသည့် ယနေ့ ကျရောက်သော ၁၇ နှစ်မြောက် DKBA နေ့ အခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။

အခမ်းအနားတွင် သဘာပတိ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သော ဗိုလ်ချုပ်စောလားပွယ်(နှုတ်ခမ်းမွေး)က “ကရင် တမျိုးသား လုံး စည်းလုံးညီညွတ်ကြဖို့ အဓိကပြောချင်တယ်၊ ကရင်တွေစည်းလုံးမှုမရှိကြတဲ့အတွက် လိုရာပန်းတိုင်ကို မရောက်ဘူး

ဖြစ် နေတယ်၊ နိုင်ငံတကာနဲ့ပြည်တွင်း ပြည်ပက ကရင်တွေနဲ့ အမျိုးသားရေးဆောင်ရွက်နေကြတဲ့ ကရင် အဖွဲ့အစည်း တွေ အားလုံး ညီညွတ်ကြဖို့ အားလုံးမှာ တာဝန်ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းက ကျင်းပသော ထိုအခမ်းအနားသို့ DKBA တပ်ဖွဲ့ဝင်များ၊ အစိုးရ စစ်တပ်က အရာရှိ အရာခံ အကြပ် တပ်သားများနှင့် ကရင်ရိုးရာ ယဉ်ကျေးမှု အဆိုအကအဖွဲ့များ အပါအ၀င် ပရိသတ် ၄၀၀ နီးပါး တက်ရောက်ကြကြောင်း သိရသည်။

သဘာပတိအဖွဲ့ဝင် တဦးဖြစ်သည့် အစိုးရစစ်တပ် တပ်မ၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ)၂၀၄ မှ ဗိုလ်မှူး

ကျော်နိုင်ဦးကလည်း“ဒီနေ့မှာ ကျရောက်တဲ့ DKBA နေ့မှာ ကရင်တမျိုးသားလုံး လိုရာ ဆန္ဒပြည့်ဝကြပါစေ”ဟု ပြောကြား သည်။

DKBA ကလို့ထူးဘောအဖွဲ့သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် စည်းလုံးညီညွတ်မှုများ ပြန်လည်လုပ်ဆောင် ရန် KNU အဖွဲ့ အပါအ၀င် အခြား ကရင် လက်နက်ကိုင် အဖွဲ့တချို့ကို အကြံပြုစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

DKBA သည် ၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(KNU)မှခွဲထွက်ပြီး ဒီဇင်ဘာ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သည်။ စတင်ဖွဲ့စည်းသည့်နေ့ရောက်တိုင်း နှစ်စဉ် အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့သည်။

စတင်ဖွဲ့စည်းသည့် အချိန်က DKBA သည် တပ်မဟာ ၅၅၅ ၊ ၃၃၃ ၊ ၉၉၉ အပါအ၀င် လက်နက်ကိုင်အင်အား ၃၀၀၀ ကျော်ရှိခဲ့သည်။

ယခင် စစ်အစိုးရက ကမ်းလှမ်းခဲ့သော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

DKBA တပ်မဟာအများစုနှင့် ထိပ်တန်းခေါင်းဆောင်များက နယ်ခြားစောင့်တပ် အသွင်ပြောင်းမှုကိုလက်ခံခဲ့ကြသော် လည်း ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် ကလို့ထူးဘော စစ်ဗျူဟာက စစ်အစိုးရ၏ အစီအမံကိုလက်မခံဘဲ၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ကျင်းပစဉ်ကာလတွင် DKBA အဖွဲ့မှခွဲထွက်ကာ စစ်အစိုးရကိုပြန်လည်တိုက်ခိုက်ခဲ့ သည်။

ထို့နောက်ပိုင်းတွင် ဗိုလ်ချုပ်စောလားပွယ် အဖွဲ့သည် မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့မြို့နယ်များ အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအစိုးရသစ်က DKBA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကာ နှစ်ဘက်အပစ်အခတ်ရပ်စဲရေး အတွက် ယခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ ကရင်ပြည်နယ်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများကို အစိုးရကိုယ်စားလှယ်များနှင့်ပြုလုပ်ခဲ့သည်။

အစိုးရနှင့် သဘောတူထားသည့် ငြိမ်းချမ်းရေးစည်းကမ်းများအရ ကလို့ထူးဘောအဖွဲ့သည် မိမိနေရာဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြ၀တီမြို့တွင် ယာယီဆက် ဆံရေးရုံးများ ထားရှိခွင့် ရထားသည်။

လက်ရှိ ကလို့ထူးဘော အဖွဲ့၏ စစ်ဌာနချုပ်စခန်းသည် မြ၀တီမြို့တောင်ဘက် မိုင် ၃၀ ကျော် အကွာရှိ ဝေါ်လေမြို့နယ်ခွဲဆုံဆည်းမြိုင်ရွာတွင် အခြေစိုက်လှုပ်ရှားလျှက်ရှိသည်။

http://burma.irrawaddy.org/archives/3959

0 comments:

Post a Comment