Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, October 11, 2010

ရာဇ၀င်ရိုင်းရဲ့ အရိုးတွန်သံ

မန်းတောလောင်း

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နန္ဒ၀န်အိမ်ရာရှိ သူငယ်ချင်းထံ မြို့ထဲမှ တက္ကစီငှားပြီး လာခဲ့သည်။ မိုးကလည်း သဲကြီးမဲကြီး ရွာ နေသည်။

ကမ္ဘာအေးဘုရားရှေ့လမ်းမပေါ်အရောက် နောက်မှ ရဲကားတစ်စီးက ဥသြသံပေး၍ အရှိန်ပြင်းပြင်းနှင့် မောင်းနှင် လာသောကြောင့် ကျနော်စီးလာသော တက္ကစီကားလည်း လမ်းဘေးကိုကပ်၍ ရပ်ပေးလိုက်ရသည်။ လူကြီးတစ်ယောက် ယောက်လာ၍များ ဤကဲ့သို့ အချက်ပေးလမ်းဖယ်ခိုင်းသည်ဟု ထင်မှတ်မိသော်လည်း ရဲကားသာ ဖြတ်၍သွားသည်။ မည် သည့်လူကြီးကားမျှ ဖြတ်တက်သွားသည်ကို မတွေ့ခဲ့ရ။ ရှစ်မိုင်မီးပွိုင့်အရောက်တွင် ကားများ ပြည့်ကြပ်နေ၍ ဆက်သွားရန် မရတော့ဘဲ ကားသမားကိုသာ ကားခပေးပြီး မီးပွိုင့်တွင်ပင်ဆင်းကာ နန္ဒ၀န်အိမ်ရာသို့ ဆင်း၍လျှောက်လာခဲ့သည်။

လမ်းမပေါ်သို့ ရောက်သောအခါ Junction 8 ရှေ့တွင် လူများ အုံခဲ၍နေသည်ကို လှမ်းမြင်နေရသည်။ “ဘာဖြစ်တာလဲ”ဟု အနီးရှိလူတစ်ယောက်ကို လှမ်း၍မေးရာ City Mart မှာ ဗုံးပေါက်လို့ဟု ဖြေကြားသွားသည်။ မိုးက သဲသဲမဲမဲ ရွာထားသော ကြောင့် လမ်းမပေါ်တွင် ရေစီးက တဟုန်ထိုး စီး၍နေသည်။ ကျနော် Junction 8 ရှေ့သို့ရောက်သွားသောအခါ မှန်ကွဲစများ လမ်းမပေါ်တွင် ဖြန့်ကြဲ၍နေသည်။ သမိုင်းသို့ အသွားလမ်းကို ပိတ်ထားသော်လည်း သမိုင်းမှလာသော ကားလမ်းကိုတော့ ဖွင့် ထားသဖြင့် လိုင်းကားပေါ်ရှိ သမိုင်းဘက်မှ လာသူများ ကားပေါ်မှ ဆင်းလာကြသည်။

ခရီးသည်များထံမှ စကားများကို ကြားရပြန်သောအခါ မြေနီကုန်း ဒဂုံစင်တာနှင့် ပုဇွန်တောင် စီးပွားရေးအဆောက်အအုံတွင် လည်း ဗုံးပေါက်ကွဲကြောင်း ကြားလိုက်ရပြန်သည်။ ကောလဟလလိုလို အမှန်လိုလိုနှင့် အတည်မပြုနိုင်သော်လည်း ညနေ TV သတင်းက အတည်ပြုပေးလိုက်သည်။

ဤဗုံးပေါက်ကွဲမှုနှင့် ဆက်နွယ်၍ အပြစ်မဲ့သားကောင်တို့၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို နောက်ပိုင်းမှ အခုလို သိလိုက်ရသည်။

၂၀၀၅ခုနှစ် မေလ Junction 8 ဗုံးပေါက်ကွဲမှု မတိုင်ခင်ကပေါ့။
ဧရာဝတီတိုင်း အိမ္မဲမြို့နယ် တကူဆိပ်ကျေးရွာ ရယက ဥက္ကဌ စောစိုးလွင်က ကျေးရွာ စားကျက်မြေများကို ရောင်းသည့်အခါ ရောင်း၊ အငှားချသည့်အခါချနှင့် လက်ထဲငွေရွှင်၍နေသည်။ ဤကိစ္စကို မကျေနပ်သူတစ်ဦးက ရှိနေသည်။ သူက ကျေးရွာကြံ့ ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင် စောရဲမြင့်အောင် ဖြစ်သည်။ ထိုစဉ်က ကြံ့ခိုင်အတွင်းရေးမှူးမှာ စောသိန်းဝင်းဖြစ်သည်။

Junction 8 အပါအ၀င် ရန်ကုန်မြို့ သုံးနေရာ ဗုံးပေါက်ကွဲမှု အဖြစ်ဆိုးကြီး ပေါ်ပေါက်လာတော့ စောရဲမြင့်အောင် တစ်ယောက် ရယက ဥက္ကဌ စောစိုးလွင်တို့ မိသားစုကို ဒုက္ခပေးရအောင် အကွက်ပေါ်ပေါက်လာတော့သည်။ စောရဲမြင့်အောင် ပုသိမ်မြို့သို့ ရောက်လာပြီး ရန်ကုန်မြို့ သုံးနေရာဗုံးပေါက်ကွဲမှုသည် စောစိုးလွင်၏ ဇနီးဖြစ်သူ၏မောင် စောသာဖြူက ဦးစီးလုပ်ဆောင်ခဲ့ ကြောင်း စောသာဖြူ၏ ဗုံးများ စောစိုးလွင်အိမ်တွင် ၀ှက်ထားခြင်းဖြစ်ကြောင်း နတခသို့ တိုင်ကြားလေတော့သည်။

သို့ဖြင့် နတခ ၏ ညွှန်ကြားချက်ဖြင့် မြောင်းမြခရိုင် ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး ကြည်ထွဋ်ဝင်း ဦးဆောင်ပြီး တကူဆိပ်ရွာကို စစ် တပ်နှင့် ရဲအပြင် အခြားဝန်ထမ်း ၂၅၀ဦး ပေါင်း၍ ပိတ်ဆို့လိုက်သည်။ ကျေးရွာမှ အစိုးရ၀န်ထမ်း အပါအ၀င် ရွာသား ၂၄ဦးကို ဖမ်းဆီး၍ ၈ဦးကိုတော့ အပြစ်မရှိဟုဆိုကာ ကျန် ၁၆ဦးကို ပုသိမ်မြို့ တိုင်းထောက်လှမ်းစစ်ကြောရေးစခန်းသို့ ခေါ်ဆောင်ပြီး ရိုက်နှက်စစ်ဆေးတော့သည်။

ဖမ်းဆီးခံရသူများမှာ ၁။စောစိုးလွင် ရယက ဥက္ကဌ ၂။နော်ဆာဖော(စောစိုးလွင်၏ ဇနီး) ၃။စောကလန်အိုင် (ရယက အဖွဲ့ဝင်) ၄။စောစိုးလှိုင်(ရာအိမ်မှူး) ၅။စောရိုးရှု(ဆယ်အိမ်မှူး) ၆။စောမျိုးချစ်(NLD မြို့နယ်စည်းရုံးရေးမှူး) ၇။စောဖိုးရိုင်း (ကျေးရွာ NLD ဥက္ကဌ) ၈။စောဘိုမလာပလဲ ၉။နော်ရီဘက်ခါ ၁၀။နော်ကပေါထူး(စောသာဖြူ၏ မိခင်) ၁၁။ စောအုန်းရွှေ (စော သာဖြူ၏ ဦးလေး) ၁၂။နော်အယ်လ်နာ ၁၃။စောသာခေါင်ကြီး ၁၄။စောမောင်ငိုကြီး ၁၅။စောလန်ဘွဲ့ထူး ၁၆။စောကိုကိုနိုင် (စောစိုးလွင် ၏ညီ) ၁၇။စောစတန်းဖော့(အလယ်တန်းပြကျောင်းဆရာ) ၁၈။စောဝါးဒို ၁၉။နော်တိုတို ၂၀။နော်ကကား ၂၁။နော်ကျော့ကျော် ၂၂။နော်ကရိုဖော ၂၃။နော်သူဇာနှင့် ၂၄။နော်သူဇာဇင်မောင်တို့ ဖြစ်ကြသည်။

တစ်ရက်အကြာတွင် တကူဆိပ်ကျေးရွာ အလယ်တန်းပြဆရာ စောစတန်းဖော့တစ်ယောက် ရက်စက်ကြမ်းတမ်းစွာ နှိပ်စက် ညှင်းပမ်း စစ်မေးခံရသဖြင့် အသက်ဆုံးရှုံးသွားတော့သည်။ ကျောင်းဆရာ စောစတန်းဖော့မှာ ဇနီးသည် နော်စေးထယ်နှင့် ကလေး ၆ယောက် ကျန်ရစ်ခဲ့သည်။ အလောင်းကို ရွာသို့ ပြန်ယူခွင့်မပြုဘဲ ပုသိမ်မြို့ရှိ ခရစ်ယာန်သင်္ချိုင်းမှာသာ သင်္ဂြိုလ်ရန် ဓမ္မဆရာတစ်ဦး အပါအ၀င် သင်္ချိုင်းသို့ ၇ဦးသာ လိုက်ပါခွင့်ပြုခဲ့သည်။ ဇနီးသည် နော်စေးထယ်တစ်ယောက် ခင်ပွန်းသည်၏ ရုပ်အလောင်းကို ပိတ်ဖြူပတ်လျက်သာ မြင်တွေ့လိုက်ရပြီး မျက်နှာကိုတော့ လှစ်ဟထားသဖြင့် မျက်နှာကိုသာ မြင်ခွင့်ရခဲ့ သည်။ မည်မျှအထိ ရိုက်နှက်စစ်ဆေးထားသည်မသိ၊ မျက်နှာတပြင်လုံး ပိန်း၍နေသည်။ ဆိုလိုသည်မှာ ဖူးရောင်၍ တပြင်ထဲ ဖြစ်၍နေသည်။ နော်စေးထယ်အတွက် ရွှေတောင်ကြီးပြိုခဲ့ပြီကော။ ကျန်ခဲ့သည့် ကလေး ၆ယောက်နှင့် လောကကို မည်သို့ရင် ဆိုင်မည်နည်း။ ၉နှစ်သမီးအရွယ် နော်ဖောလောလမှာ မွေးရာပါ ခြေဖ၀ါးမပါဘဲ ဒူးဆစ်နားအထိ ခြေတဖက်ကတို၍နေသည်။ ဒုက္ခိတ သမီးငယ်လေး အနားမှာလည်း အဖေဆိုတာ မရှိတော့ “ဘုရားသခင်ကယ်တော်မူပါ”ဟု ဆုတောင်းရုံကလွဲလို့ နော် စေးထယ် ဘာမျှ မတတ်နိုင်ခဲ့ပါ။

ကျန် ၁၅ဦးကိုတော့ ရန်ကုန်မြို့ ရှစ်မိုင် အောင်သပြေစစ်ကြောရေးစခန်းသို့ ခေါ်ဆောင်လာပြီး ဆက်လက်စုံစမ်း စစ်ဆေးမှုပြုခဲ့ သည်။ စစ်ဆေးခံရသူများထဲတွင် အိမ္မဲမြို့နယ် NLD စည်းရုံးရေးမှူး စောမျိုးချစ်တစ်ယောက် သေလုမျောပါးမတတ် သတိလစ် ကာ လျှပ်စစ်ဓါတ်နှင့် တို့၍ နှိပ်စက်ညှင်းပမ်း အစစ်ဆေးခံခဲ့ရသည်။ စောမျိုးချစ် သတိလစ် မေ့မျောနေစဉ် ရဲချုပ်ဗိုလ်ချုပ်ခင်ရီ ကိုယ်တိုင်က “ဒီကောင် ဒီလိုနှိပ်စက်ခံရတာ ခေါင်းမာလို့ ဖြစ်ရတယ်။ သတိပြန်ရလို့ ဆက်ခေါင်းမာနေမယ်ဆိုရင် စောစတန် ဖော့ သွားရာလမ်းကိုပဲ သွားရမယ်”ဟု ကြိမ်းမောင်းပြောဆိုခဲ့သည်။

စောမျိုးချစ် သတိရလာတော့ အသက် ၇၀အရွယ် ကျေးရွာ NLD ဥက္ကဌ စောဖိုးရိုင်းက သူတို့ဖြစ်ချင်တာကိုပဲ ၀န်ခံတရားရုံးတင် ၍ စီရင်ချက်ချရန်သာ ကျန်တော့သည်။

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ပေလား။ စောမျိုးချစ်နှင့် အဖွဲ့တို့အား ကယ်မမည့်သူများ ပေါ်ပေါက်လာခဲ့သည်။ စောစံဖိုး သင်၏ သမီးဖြစ်သူ နော်နယ်သီသင်(ရဲမှူး အငြိမ်းစား)၊ ရန်ကုန်တိုင်း ရဲမှူးကြီး ဖြစ်ခဲ့သော ၀င်းနိုင်ထွန်း ၁ပွင့်ရာထူးနှင့် သတင်း တပ်ဖွဲ့တွင် အတူလုပ်ကိုင်ခဲ့သူ တကူဆိပ်ရွာသူ ရဲမေနော်မေရီ(၃ပွင့်)နှင့် အိမ္မဲမြို့နယ် NLD ဥက္ကဌ ဦးမောင်မောင်ကြီးနှင့် အဖွဲ့ ၀င်များနှင့် အဖိုက်ရွာသူ နော်စနိုးဝှိုက်တို့က အမှုမှန် ပေါ်ပေါက်စေရန် အပူတပြင်း လိုက်လံ၍ စုံစမ်းရာ ဗုံးဖေါက်ခဲ့သူဟု စွပ်စွဲခံ ရသည့် စောသာဖြူသည် ၂၀၀၅ မေလတွင် ရန်ကုန်တွင်မရှိဘဲ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြောင်း ၎င်း၏ ကုမ္ပဏီမှ အစုရှယ်ယာရှင် ဒရိုက်တာတစ်ဦးပါ မြန်မာနိုင်ငံသို့ လာရောက်၍ အစစ်ဆေးခံ ထွက်ဆိုခဲ့သဖြင့် NLD မြို့နယ် စည်းရုံးရေးမှူး စောမျိုးချစ် အပါအ၀င် ၁၅ဦးကို တရားသေ လွှတ်ပေးခဲ့ရတော့သည်။

နောက်ပိုင်းတွင် မြောင်းမြခရိုင် ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး ကြည်ထွဋ်ဝင်း တကူဆိပ်ရွာသို့ ရောက်လာပြီး စောစတန်းဖော့၏ ဇနီး နော်စေးထယ်အား တွေ့ဆုံကာ ဤကိစ္စနှင့် ပတ်သက်၍ မည့်သည့်အဖွဲ့အစည်းကိုမျှ မတိုင်ကြားရန်၊ အိမ်အသစ်ဆောက် လုပ်ပေးမည်။ လစဉ် အမြဲထောက်ပံ့သွားမည်ဟု ကတိတွေပေးကာ ကြည်ထွဋ်ဝင်းမှ ၃သိန်း ၆သောင်းကျပ်၊ အိမ္မဲမြို့နယ် ပညာ ရေးဌာနနှင့် ကျန်းမာရေးဌာနတို့က ငွေ ၁သိန်းကျပ်စီ အခြားလူမှုအဖွဲ့အစည်းမှ ၁သိန်း စုစုပေါင်း ငွေ ၅သိန်း ၆သောင်းကျပ် ပေးပြီးနောက် ယခုထိ နောက်ထပ်ဘာမျှ မရရှိတော့ပေ။ ဒုတိယ ဗိုလ်မှူးကြီးကြည်ထွဋ်ဝင်းလည်း ယခုထိ ဘယ် ဆီရောက်နေ သည်ကို မသိရတော့ပါ။ သေဆုံးသူ စောစတန်းဖော့သည် နိုးကြားသည့် ကရင်အမျိုးသား အစိုးရ၀န်ထမ်း အလယ်တန်းပြ ဆရာတစ်ဦးဖြစ်သည့်အပြင် သူ၏ မိဘနှစ်ပါးမှာလည်း အိမ္မဲမြို့နယ်၊ ကြိုကုန်းကျေးရွာ အလယ်တန်းပြဆရာ၊ ဆရာမများ ဖြစ်ခဲ့ ကြသည်။

စောစတန်းဖော့သည် ရွေးကောက်ပွဲဝင်မည့် KPP ပါတီ ဒုဥက္ကဌ ဒေါက်တာစောစိုင်မွန်သာ၏ တူဖြစ်သော်လည်း ၎င်းတို့ ဒုက္ခ ရောက်စဉ် ဒေါက်တာစောစိုင်မွန်သာမှ မည်သည့်အကူအညီမျှ မရရှိခဲ့ဟု ၎င်း၏ဇနီးသည် နော်စေးထယ်က ပြောပြသည်။

၂၀၀၆ ခုနှစ်တွင် ICRC ၏ အကူအညီဖြင့် နော်စေးထယ်သည် သမီးငယ် နော်ဖောလောလအား ခြေတုတပ်ဆင်ရန် ရန်ကုန်မြို့ မသန်မစွမ်းဆေးရုံတွင် လာရောက်ပြသခဲ့သည်။ ဆေးရုံမှ ၃လခွဲ ကြာမည်ဆို၍ အခက်အခဲဖြစ်နေရာ အိမ္မဲ NLD ဥက္ကဌ ဦး မောင်မောင်ကြီးနှင့် မြောင်းမြမြို့နယ် NLD အတွင်းရေးမှူး မန်းမျိုးချစ်တို့၏ အကူအညီဖြင့် တစ်လကျော်ကာလအတွင်း ခြေတု တပ်ဆင်၍ အဆင်ပြေသွားခဲ့သည်။

နော်စေးထယ်တို့ မိသားစုအား မျိုးဆက်သစ် ကျောင်းသားများဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့က ငွေကျပ်တစ်သိန်းခွဲ၊ နော်အုန်းလှနှင့် အဖွဲ့က ငွေကျပ် ၂သိန်း၊ မစုစုနွေးက ငွေကျပ် ငါးသောင်း အသီးသီး ကူညီပံ့ပိုးပေးခဲ့ကြသည်။

ဤရင်နင့်ကြေကွဲဘွယ် ဖြစ်ရပ်ကြီးကို ရင်ဆိုင်တွေ့ကြုံခံစားခဲ့ရသော ကရင်တိုင်းရင်းသား စောစတန်းဖော့နှင့် ဇနီးတို့ မိသားစု၊ NLD အိမ္မဲမြို့နယ်စည်းရုံးရေးမှူး စောမျိုးချစ်တို့အဖွဲ့၏ ဇာတ်လမ်းကို အိမ္မဲ NLD ဥက္ကဌ ဦးမောင်မောင်ကြီးက ကျနော့်အား စိတ် ရှည်လက်ရှည်ဖြင့် သူသိသမျှ အချက်အလက်များကို ပြောပြပြီးသည့်နောက် ကျနော့်ရင်ထဲတွင် ဆို့နစ်ကြေကွဲစွာ ခံစားခဲ့ရပါ သည်။

၂၀၁၀ ဧပြီလ မြန်မာသင်္ကြန်ပွဲတော် ကန်တော်ကြီးစောင်း X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင်လည်း ယခုကဲ့သို့ အပြစ်မဲ့ သား ကောင်များကို ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်ခြင်း၊ မတရား ၀န်ခံခိုင်းခြင်းတို့ကို ပြုလုပ်မည်ကို ကျနော် စိုးရွံ့နေမိပါသည်။
“မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိ”
“တရားဥပဒေ အထက်က မည်သူမျှ မရှိစေရ”
ဆိုသော ဆောင်ပုဒ်သည် ဘယ်သောအခါမှ အကောင်အထည်ပေါ်၍ လာမည်နည်း။ တဖက်သတ်ရေးဆွဲထားသည် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ တဖက်သတ် ထုတ်ပြန်ထားသော ရွေးကောက်ပွဲဥပဒေဖြင့် ၂၀၁၀ အယောင်ဆောင် ရွေးကောက်ပွဲကို ကြည့်ခြင်းအားဖြင့် ပြည်သူတို့ လိုလားသော အမှန်တရားနှင့် လူ့အခွင့်အရေးသည် ဝေးကွာမြဲ ဝေးကွာနေပေလိမ့်ဦးမည်။

(ဆက်ဖတ်ရန်...................)

Friday, June 18, 2010

ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ



ကျွန်ုပ်တို့နိုင်ငံအတွင်းဖြစ်ရှိနေသော နှစ်ငါးဆယ်ကျော်ပြည်တွင်းစစ်ကြီး၏ အဓိကသော့ချက်ပြဿနာ သည် ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာဖြစ်သည်။ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ စုစည်း နေထိုင်ရာနယ်မြေ နယ်မြေဒေသချင်းမတူညီသော လူမျိုးများစုပေါင်းနေထိုင်သည့် နိုင်ငံတစ်ခုအတွင်း လူမျိုးစုများ အတူနေထိုင်ရေး၊ တနည်းအားဖြင့် ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာသည် အဓိကပြဿနာကြီးဖြစ်သည်။ ၄င်းပြဿနာကို ပကတိအနေအထားနှင့်ကိုက်ညီမှန်ကန်စွာမဖြေရှင်း အာဏာရသူတို့က မိမိတို့ဆန္ဒအရ လိုရာဆွဲ ပုံစံချ အမည်ခံပြည်ထောင်စုကိုဖွဲ့စည်းခဲ့သဖြင့် ညီအစ်ကိုလူမျိုးအချင်းချင်း ပြင်းထန်စွာစစ်ခင်းရသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပေါ်လာခဲ့သည်။ ယင်းစစ်ပွဲကြောင့် စစ်တပ်သည်အရေးပါအရှိန်အဝါရလာပြီး နောက်ဆုံးအာဏာ သိမ်းသည့်အထိ ဖြစ်ပေါ်လာသည်။ သို့နှင့် တစ်ပါတီအာဏာရှင်အစိုးရ၏ စိုးမိုးဖိနှိပ်မှုကို ပြည်သူတစ်ရပ်လုံး နှစ်ပေါင်းရှည်ကြာစွာခံခဲ့ရသည်။ စီးပွားရေးအရလည်း မကြုံဘူးအောင်ဆင်းရဲငတ်မွတ်လာရသည်။ ထို့ကြောင့် ဤစုစည်းနေထိုင်ရေး သို့မဟုတ် ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေပေသည်။

ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ပြဿနာဖြစ်ပေါ်လာရခြင်းအခြေခံကို လေ့လာရန်လိုအပ်ပေသည်။ သမိုင်း ကိုပြန်ကြည့်လျှင် ကျွန်ုပ်တို့နိုင်ငံတွင် လူမျိုးအချို့တို့သည် သီးခြားနိုင်ငံများဖြင့် နှစ်ပေါင်းကြာရှည်စွာ နေထိုင်လာ ခဲ့ကြသည်။ အချို့လူမျိုးတို့မှာလူဦးရေ၊ ဓနအင်အား၊ စစ်အင်အားနည်းပါးသဖြင့် လက်အောက်ခံဘဝနှင့် နေထိုင် လာခဲ့ရသည်။ သို့သော် ဧကရာဇ် ပဒေသရာဇ်စနစ်တွင် ဘဏ္ဍာဆက်သရန်သာအဓိကဖြစ်ပြီး မိမိတို့အကြီးအကဲနှင့် မိမိတို့လူမျိုးဒေသကို အုပ်ချုပ်နေထိုင်လာခဲ့ရသည်။ တချိန်ချိန်တွင် စစ်အင်အားကြီးမားသော ဘုရင်တပါးပါးက နီးစပ်ရာ ဧကရာဇ်ဘုရင့်နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် ကျယ်ပြန့်သော နိုင်ငံအသွင်ရောက်ခဲ့သည်။ သို့သော် အင်အားနည်းပါးလာနှင့် ထိုအင်ပါရာနိုင်ငံသည်လည်း ပြိုကွဲပျက်စီး ရပြန်သည်။ စစ်အင်အားကောင်းသော အလောင်းဘုရားနှင့် ဘိုးတော်ဘုရားတို့က မွန်နှင့်ရခိုင်ပြည်ကိုသိမ်းပြီး ကုန်းဘောင်မင်းဆက် အင်ပါရာနိုင်ငံတော်ကို တည်ဆောက်အုပ်ချုပ်နိုင်ခဲ့သည်။ ဤအခြေခံကိုယူပြီး အတုအယောင်ပြည်ထောင်စုကို လှည့်စားပုံဖော်ခဲ့သဖြင့် ယနေ့အထိပြဿနာ ပေါ်နေရခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေးအခြေခံကို တောင်တန်းဒေသ လူမျိုးစု ခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးချမှတ်သွားခဲ့သည်။ သို့သော် ၄င်းနှင့် လူမျိုးစုခေါင်းဆောင်များ ချုပ်ဆိုခဲ့သော စာရွက် စာတမ်းများသည်လည်း ၄င်းနည်းတူမြေမြုပ်သင်ဂြိုဟ်ခံခဲ့ရသည်။ ဦးနုခေါင်းဆောင်သော ဖဆပလခေါင်းဆောင် များသည် အသွင်အားဖြင့် ပြည်ထောင်စု (Federal State) လက်တွေ့အားဖြင့် တစ်ပြည်ထောင်စနစ် (Unitary State) ဖြစ်သော အမည်ခံပြည်ထောင်စုဖွဲ့စည်းပုံကို ဦးချန်ထွန်းအား ရေးဆွဲစေခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် မပါဝင်ခဲ့သော တနည်းအားဖြင့် အင်္ဂလိပ်တို့ စည်းရုံးဖဲ့ထုတ်မှုကို မစိုးရိမ်ရသော ကရင်၊ မွန်၊ ရခိုင် လူမျိုးများကိုမူ လူမျိုးတစ်မျိုး၏ အင်္ဂါရပ်များနှင့် မည်မျှပြည့်စုံစေကာမူ မည်သည့်အခွင့်အရေးမျှမပေးခဲ့ပါ။ အထပ်ထပ်ခါခါ ဆန္ဒပြ တိုက်ပွဲဝင်တောင်းဆိုသောအခါမှ မပြောပလောက်သော အခွင့်အရေးတစ်ချို့ကိုပေးခဲ့သည်။ ကရင်လူမျိုးတို့မှာ အင်္ဂလိပ်တို့လက်ထက်က ဖွဲ့စည်းခဲ့သော စစ်တပ် အရှိန်အဝါကြောင့် မွန်နှင့် ရခိုင်တို့ထက် စောလျင်စွာ ပြည်နယ်ရခဲ့သည်။

တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ရင်းနှီးချစ်ကြည်အေးချမ်းစွာ ပြဿနာကိုမဖြေရှင်းဘဲ ၄င်းတို့ရေးဆွဲ ထားသော ဥပဒေကို ဘုရားဒေသနာကဲ့သို့မှတ်ယူပြီး အသေဆုပ်ကိုင်ထားကာ စစ်သားနှင့် ပုလိပ်ကိုသုံး၍ ဖီဆန် သူများကို ကျည်ဆန်နှင့်ထောင်ဒဏ်များပေးခဲ့သည်။ ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ် လာခဲ့ရသည်။

ကမ္ဘာသိ မြန်မာသိ သစ္စာကတိဖြင့် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါသဘောထားကို အခြေခံပြီး နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်(၁ဝ) နှစ်ပြည့်၍ အကျိုးမရှိဟုမြင်ပါက ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ကို ခွဲထွက်ခွင့်ပေးထားသည်။ သို့သော်၎င်းတို့သည် ခွဲထွက်ခြင်းကိုမတောင်းဆို ပြည်နယ်အခွင့်အရေး ပိုပေးရန် တောင်း ဆိုသည်ကိုပင် မပေးခဲ့သဖြင့် တော်လှန်ရေးစစ်ပွဲများပိုမိုကျယ်ပြန့်ခဲ့လေသည်။ ယခုဆိုလျှင် လူဦးရေ အတော်အတန်ရှိပြီး ထင်ရှားသောလူမျိုးတိုင်းတွင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် လှုပ်ရှားမှုများ ရှိနေသည်။ ဤစုစည်းညီညွတ်စွာ ပူးပေါင်းနေထိုင်ရေးပြဿနာကို ဦးနုက အတုအယောင်ပြည်ထောင်စုဖြင့် လှည့်စားဖြေရှင်း ခဲ့သည်။ ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သဘောတရားဖြင့် ကာရံဖုံးလွှမ်းပြီး တစ်ပြည်ထောင်စနစ်ဖြင့် ဖြေရှင်းခဲ့သည်။ မည်သည့်နည်းကမျှ မဖြေရှင်းနိုင်ခဲ့ချေ။ ပကတိအခြေအနေနှင့် ဆန့်ကျင်ပြီး ပြဿနာကို ဆန္ဒစွဲဖြင့် ဖြေရှင်းခဲ့သဖြင့် နိုင်ငံရေးဒဏ်ခတ်ခြင်းကို ခံသွားကြရပြီးဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံ၏ ပကတိအနေအထားနှင့် ကိုက်ညီသော ပြည်ထောင်စုကို မည်သို့တည်ဆောက် ရမည်နည်း။ ကမ္ဘာပေါ်တွင် မတူကွဲပြားသောလူမျိုးများကိုအခြေခံပြီး နိုင်ငံများစွာကို ဖက်ဒရယ်ပြည်ထောင်စု စံနစ်ဖြင့် ဖွဲ့စည်းခဲ့သည်။ ဥပမာ ဆိုဗီယက်ယူနီယံ၊ အိန္ဒိယ၊ ဆွစ်ဇာလန်၊ ယူဂိုစလားဗီးယားနှင့် ချက်ကို စလိုဗက်ကီးယား နိုင်ငံတို့ဖြစ်သည်။ ၄င်းနိုင်ငံများသည် လူမျိုးရေးအရ ကျွန်ုပ်တို့နိုင်ငံနှင့်ဆင်တူမှုရှိသည်။ မတူသောလူမျိုးကွဲများ အတွင်း လူဦးရေများသော(သို့မဟုတ်) ယဉ်ကျေးမှုအသိပညာတိုးတက်သော (သို့မဟုတ်) စစ်ရေး၊ စီးပွားရေးတို့ တွင် အားကောင်းသောလူမျိုးတမျိုးက အခြားလူမျိုးများကို လက်အောက်ခံအဖြစ်နှင့် စုစည်းထား၍မရ။ ရပါကလည်း မမြဲနိုင်။ မအေးချမ်းနိုင်ပါ။ ကျေနပ်ချစ်ခင်စွာဖြင့် စုစည်းကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့နိုင်ငံအတွက် ဖြစ်သင့်သော ပြည်ထောင်စုမှာ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ စုစည်းနေထိုင်သောဒေသ၊ ထိုက်သင့်သော လူဦးရေ၊ ဖူလုံသောစီးပွားရေးအခြေခံတို့နှင့် ပြည်စုံက ၎င်းလူမျိုးအတွက် ပြည်နယ်တခုဖွဲ့စည်းပေးရန် လိုသည်။ ပြည်နယ်အကျယ်ဝန်းနှင့် တည်နေရာတို့မှာ ၎င်းစုစည်းနေထိုင်ရာ ဒေသပေါ်တွင် ရှိရမည်။ ထိုပြည်နယ်များသည် ချုပ်ချယ်မှုမရှိသော ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အာဏာဆိုသည်မှာ ၄င်းတို့ပြည်နယ်အခြေအနေနှင့် ကိုက်ညီသော ဥပဒေကို ၎င်းတို့ရေးဆွဲပိုင်ခွင့် ပြဌာန်းပိုင်ခွင့်၊ ၄င်းတို့ပြည်နယ်ကို ၄င်းတို့ကြိုက်နှစ်သက်သူများနှင့် ရွေးချယ်အုပ်ချုပ် ပိုင်ခွင့်၊ ၄င်းတို့ပြည်နယ် အတွင်း တရားစီရင်ပိုင်ခွင့်များ ရှိရသည်။

အထက်ပါအင်္ဂါရပ်(သို့မဟုတ်)အခြေခံအချက်များတွင် အားနည်းမှုရှိသောလူမျိုးစုငယ်များကိုမူကိုယ်ပိုင်ပြဌာန်း ခွင့် ပြည်နယ်တခုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လူမျိုးစုဒေသ စသည်ဖြင့် လူမျိုးငယ်များ၏အခွင့်အာဏာကို ထိုက်သင့်သလိုပေးထားရမည်။ လူမျိုးတစ်မျိုး၏ အမျိုးသားဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုကို တားဆီးပိတ်ပင်ထားခြင်းမျိုးမရှိဘဲ အားပေးသွားရမည်ဖြစ်သည်။

အရွယ်အစားအားဖြင့် မတူညီသော်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် ပြည်နယ်များတွင် အခွင့်အာဏာများ တူညီစွာ ရှိရမည်။ ၎င်းပြည်နယ်များကို ကိုယ်စားပြုသော ကိုယ်စားလှယ်အညီအမျှဖြင့် အမျိုးသားလွှတ်တော် (သို့မဟုတ်) အထက်လွှတ်တော်ကိုဖွဲ့စည်းပြီး ပြည်ထောင်စုဆိုင်ရာ အဆင့်မြင့်သောအာဏာများကို ပေးအပ်ထားရမည်။

ပြည်ထောင်စုအစိုးရသည် ပြည်နယ်များအနေဖြင့် မလုပ်သင့်သော သို့မဟုတ် ပြည်နယ်များက လွှဲအပ် ထား သော အခွင့်အာဏာများနှင့် လုပ်ငန်းများကို ကိုင်တွယ်လုပ်ဆောင်သွားရမည်။ ဥပမာ - နိုင်ငံခြား ဆက်သွယ်ရေး၊ ပြည်ထောင်စုကာကွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးရိုက်နှိပ်ထုတ်ဝေရေးနှင့် လူမှုထောက်ပံ့ ကယ်ဆယ်ရေး လုပ်ငန်းတို့ကို လုပ်ဆောင်သွားရန် ဖြစ်သည်။

ဤသည်မှာ စစ်မှန်သောပြည်ထောင်စုတစ်ခု၏ ဖွဲ့စည်းပုံဆိုင်ရာ လိုအပ်ချက်ဖြစ်သည်။ နိုင်ငံပေါင်းစုံမှ ပြည်ထောင်စုဖွဲ့စည်းပုံများကို လေ့လာ၊ မိမိတို့နိုင်ငံအခြေအနေနှင့် ပေါင်းစပ်၊ လူမျိုးစုံခေါင်းဆောင်များနှင့် ညှိနှိုင်းပြီး ဖိနှိပ်ချုပ်ချယ်စိုးမိုးမှုကင်းသော အများလက်ခံနိုင်သည့်ပုံစံသစ်ဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင် စုကို ဖွဲ့စည်းနိုင်မှသာ ကျွန်ုပ်တို့နိုင်ငံအတွင်းဖြစ်ရှိနေသည့် လူမျိုးရေးအရ မုန်းတီးမှု၊ ရန်ပြုတိုက်ခိုက်မှုများကို ဖြေရှင်း နိုင်ပေလိမ့်မည်။

လူမျိုးရေးအရ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပေါ်ခဲ့သောပြဿနာကို အတုအယောင်ပြည်ထောင်စုဖြင့် လှည့်စား၍ မရပါ။ ပိုမိုစုစည်းအားကောင်ရန်ဆိုပြီး တစ်ပြည်ထောင်စနစ်ဖြင့် လူမျိုးကွဲအသွင်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှု သည်လည်း အားမကောင်းနိုင်ဘဲ ပို၍ပို၍သာအားနည်းလာစေခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ နောက်ဆုံးမျိုးဆက် အနှစ်ငါးဆယ်ကျော် လက်တွေ့နယ်ပယ်တွင် စမ်းသပ်ခဲ့ပြီးဖြစ်၍ လမ်းမှန်ကိုလျှောက်ကြရန် သင့်ပြီ။ လူမျိုးရေး အရဖြစ်ပေါ်နေသောပြဿနာများကို ဖြေရှင်းပြီး ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့် အရေးများကိုပါ ဖြည့်စွက် လိုက်ပါက တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကို မြေကြီးလက်ခတ်မလွဲ ရရှိလာပါလိမ့်မည်။ ထိုအခါ အေးချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်သောပြည်ထောင်စုကြီးကို လွယ်ကူစွာ အမှန်တကယ် ဖော်ဆောင် နိုင်ပါလိမ့်မည်။


နိုင်ဟံသာ

http://www.kaowao.org/b/2010art-june-17.php မှကူးယူဖော်ပြသည်။

(ဆက်ဖတ်ရန်...................)

Saturday, February 13, 2010

ရေဆန်လမ်းမှာ အလွမ်းတွေဝေ

ပဒိုမန်းရှာလားဖန်း နှစ်နှစ်ပြည့်အောက်မေ့ဖွယ် အမှတ်တရ

















အတီးမန်းရှာရေ … အတီးက အတီးရဲ့ ယုံကြည်ချက်တွေ၊ အတီးရဲ့ အချစ်တွေကို ကျမတို့ ကရင်အမျိုး သားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီကမ္ဘာကြီးထဲကနေ သူရဲ ကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့အကြောင်းကို သတိတရနဲ့ မမောနိုင်မပမ်း နိုင် ပြောကြရဦးမှာပါ။ အတီး သွေးနဲ့ခင်းခဲ့တဲ့၊ အတီး ယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။

အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေ ကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ။ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ဒေသကပဲ ကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ် တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင်၊ သောင်းရင်းနဲ့ ယွန်စလင်း မြစ်ကမ်းနံဘေးကပဲ ကြည့်ကြည့်၊ ရွှန်းရွှန်းမြမြ လင်းလက်နေတာကို တွေ့ရတယ်။ အဲဒီကြယ်ကြီးရဲ့ လင်းလက်မှုမှာ တည်ကြည်တဲ့ သစ္စာတ ရားတွေ၊ မြင့်မြတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ငြိမ်းချမ်းမှုတွေပါတယ်။ တကယ်တော့ အဲဒီကြယ်ကြီးဟာ ကျမတို့ အားလုံးကို ခွန်အားများစွာ ပေးခဲ့တဲ့ ပဒိုမန်းရှာလားဖန်းဆိုတဲ့ ကြယ်ကြီးပါပဲ အတီးရယ်။

ပဒိုမန်းရှာလားဖန်းဆိုတဲ့ အတီးကို တော်လှန်ရေးခရီးတကွေ့မှာ စပြီးတွေ့ခဲ့ရပေမယ့်လို့ တော်လှန်ရေးအ ပေါ်ထားတဲ့ အတီးရဲ့ ယုံကြည်ချက်တွေနဲ့ အတီးရဲ့ သစ္စာတရားတွေကတော့ ကျမဘ၀ သက်ဆုံးတိုင်အောင် သတိတရ ရှိနေဦးတော့မှာပါ။ အတီးဟာ ကျမဆုံဖူး တွေ့ဖူးတဲ့ ကရင်အမျိုးသား ခေါင်းဆောင်တွေထဲ မှာ ထူးခြားတဲ့ ခေါင်းဆောင်တဦးပါ။ ကျမအတွက်တော့ အတီးဟာ ခေါင်းဆောင်တဦးဖြစ် ရုံမက ဖခင်ဆိုလည်း ဟုတ်၊ ဆရာသမားဆိုလည်း ဟုတ်၊ ရဲဘော်ရဲဘက်လည်း ဟုတ်၊ ရေးဖော်ရေးဖက်ဆိုလည်း ဟုတ်ခဲ့တယ်။

တော်လှန်ရေးရဲ့ ဗဟိုဌာနချုပ်ကြီးတခုဖြစ်တဲ့ မာနယ်ပလော သောင်းရင်းမြစ် ကမ်းနံဘေးက ဥယျာဉ်ခြံတခု ထဲမှာ အတီးကို ကျမ စပြီးတွေ့ခဲ့ရတာပါ။ ကရင်ပုဆိုးအဟောင်း တထည်ကို ခပ်တိုတိုဝတ်ပြီး ဓားမကြီးတ ချောင်းနဲ့ ပေါင်းမြက်တွေ ရှင်းနေတဲ့ အတီးကို တွေ့လိုက်ရတုန်းက ကျမယုံတောင် မယုံခဲ့ဘူး။ အဲဒီက တည်းက ငါတို့ခေါင်းဆောင်ကြီးဟာ ရိုးသားလိုက်တာ၊ နှိမ့်ချလိုက်တာ၊ တော်လှန်ရေးသမား ပီသလိုက်တာဆို ပြီး ကျမ လေးစားဂုဏ်ယူခဲ့ရတာပါ။

အဲဒီနောက်တော့ မာနယ်ပလော သောင်းရင်းမြစ်ကမ်းနံဘေးက အတီးတို့ရဲ့ အိမ်လေးကို ကျမတို့ မကြာခဏ ရောက်ခဲ့တယ်။ အတီးနဲ့ မူဂါး စိုက်ပျိုးထားတဲ့ အသီးအနှံမျိုးစုံကို ကျမတို့ စားသုံးခဲ့တယ်။ အတီးတို့ရဲ့ တော်လှန်ရေး ဖြတ်သန်းမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ကရင်တော်လှန်ရေး သမိုင်းအစ၊ အလှည့်အပြောင်း၊ အချိုးအကွေ့၊ အတက်အဆင်းတွေကို ကျမတို့ သင်အံလေ့လာခဲ့ရတယ်။ “တော်လှန်ရေးသမားကောင်း တွေဟာ အရာရာကို ပေးဆပ်ရဲကြတယ်။ စိတ်နေစိတ်ထား နှိမ့်ချတယ်၊ လိုအပ်ရင် သူတို့အသက်ကိုတောင် ပေးကြဖို့ ၀န်မလေးကြဘူး၊ ကရင်တော်လှန်ရေးထဲမှာ ဒီလိုပေးဆပ်သွားတဲ့ ခေါင်ေးဆာင်တွေ၊ ရဲဘော်တွေ အများကြီးရှိတယ်”လို့ အတီးပြောခဲ့တယ်နော်။

အတီးပြောခဲ့တဲ့ စကားအတိုင်းပဲ အတီးကိုယ်တိုင် ကျမတို့ကို လက်တွေ့လုပ်ဆောင် ပြသခဲ့တယ်နော်။ မယ်သရောထာ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီး ကျင်းပပြီးတဲ့နောက် ကေအဲန်ယူ တပ်မဟာ(၆)ဒေသကို န၀တက အင်အားအလုံးအရင်းနဲ့ စစ်ဆင်တော့ ကေအဲန်ယူ အခြေခံဒေသက ပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ်ကို ကမ္ဘာပျက်သလို ထွက်ပြေးလာကြတယ်။ ကလေးသူငယ်တွေ၊ သားသည်မိခင်တွေ၊ မသန်မစွမ်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေဟာ ဘယ်သူ့ဘယ်သူမှ မကူနိုင်မကယ်နိုင်ပဲ ပြေးလွှားနေရတဲ့ အချိန်မှာ ပလိုင်းရှည်ကြီးတလုံးကို ကျောမှာပိုး၊ နို့စို့ကလေးတဦးကို ရင်ဘတ်မှာ လွယ်ပြီး ကျန်ကလေးငယ် (၂)ယောက်ကို ဘယ်ညာဆွဲကာ လူတန်းကြီးနောက် အမီလိုက်နေတဲ့ သားသည်မိခင်တဦး အနားကို အတီး အပြေးရောက်သွားခဲ့တယ်။ အတီးက အဲဒီအမျိုးသမီးရဲ့ ပုလိုင်းရှည်ကြီးကို ယူပြီး ကျောမှာပိုး၊ ကလေးတယောက်ကို ပွေ့ချီပြီးတော့ ဒုက္ခသည်တွေ စုဝေးရာ သက်ကယ်တောအထိ အရောက်ပို့ပေးခဲ့တယ်။ ပုလိုင်းရှည်ကြီးကို လွယ်ပိုးပြီး ဖုန်ထူထူကြားမှာ ဒုက္ခသည်တွေနဲ့အတူ လိုက်ပါသွားတဲ့ အတီးရဲ့ပုံရိပ်ကို ကျမရဲ့ အမြင်အာရုံထဲမှာ ဒီနေ့အထိ မြင်ယောင်နေဆဲပါ အတီးရယ်။
အတီးနဲ့ သိကျွမ်းရင်းနှီးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အတီးအကြောင်းကို ပိုပြီးတော့ သိလာခဲ့ရသလို ပိုပြီးတော့လည်း လေးစားလာခဲ့ရပါတယ်။ ကရင့်တော်လှန်ရေး နေရာဒေသတွေ ဘယ်လိုပဲ ပြောင်းပြောင်း၊ ရာထူးတာဝန်တွေ ဘယ်လိုပဲ ပြောင်းပြောင်း အတီးရဲ့ ရိုးသားမှု၊ နှိမ့်ချမှု၊ မာန်မာနကင်းမှု၊ အနေအထိုင်၊ အစားအသောက်၊ အသုံးအဆောင်၊ အ၀တ်အထည်အပေါ်မှာ ခြိုးခြံချွေတာမှုကတော့ မပြောင်းမလဲဘဲ ရှိနေခဲ့တယ်။

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး၊ ပဒိုမန်းရှာလားဖန်းဆိုတဲ့ အတီးမှာရှိတဲ့ အ၀တ်အစားတွေကို ရေတွက်ကြည့်ရင် လက် (၁၀)ချောင်းတောင် မပြည့်ပါဘူး။ ခေါက်ဆွဲကို သိပ်ကြိုက်တဲ့ အတီးဟာ ဈေးချိုတဲ့ (၃) ဘတ်တန် ခေါက်ဆွဲခြောက်ထုတ်ကိုတောင်မှ တရက်ခြား၊ နှစ်ရက်ခြားလောက်မှ တခါစားခဲ့တယ်။ တကယ်ဆို ဒီထက်မက ဈေးကြီးတဲ့ ခေါက်ဆွဲထုတ်ကို နေ့တိုင်းလိုလို အတီးစားနိုင်ပါတယ်။ ဒါပေမယ့် အတီးက မစားခဲ့ဘူး။ အတီးရင်ထဲမှာ ထမင်းငတ်နေ၊ ဆန်ပြုတ်သောက်နေရတဲ့ ပြည်သူလူထုတွေ၊ ၀ဥ၊ ကြွေးဥနဲ့ မျှစ်တွေကိုသာ စားနေရတဲ့ ကရင်ပြည်တွင်းဒုက္ခသည်တွေ ရှိနေခဲ့တယ် မဟုတ်လား။

အခြေအနေအရ မဲဆောက်မြို့မှာ တိုက်နဲ့ကားနဲ့ နေရပေမယ့် အတီးတနေ့မှ မပျော်ဘူးဆိုတာ ကျမသိတယ်။ “ကျနော် ဒီတိုက်အိမ်ကြီးပေါ်မှာ မနေချင်ဘူး။ ကားတွေလည်း ကျနော်မစီးချင်ဘူး။ ဇိမ်ခံရတဲ့ ပစ္စည်းတွေကို လည်း ကျနော်မလိုချင်ဘူး။ ကျနော်က တိုက်ကြီးပေါ်မှာ နေရပေမယ့် ကျနော်တို့ လူမျိုးတွေ ဆင်းရဲဒုက္ခ ရောက်နေတာ အများကြီးပဲ။ ဒါကြောင့် ဒီလိုနေရတာကို ကျနော်မနေချင်ဘူး”လို့ အတီး မကြာခဏ ပြောလေ့ရှိ တယ်။ တော်လှန်ရေးသမားဘ၀ ဖြစ်ရတာကို ဂုဏ်ယူကျေနပ်တဲ့ အတီးဟာ တော်လှန်ရေးနယ်မြေမှာပဲ လှုပ်ရှားသွား လာချင်သူပါ။ ဒါကြောင့်လည်း ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေထဲက အတီးရဲ့ စခန်းလေးကို အမြဲလိုလို သွားတယ်။ အတီးကိုယ်တိုင် ပါဝင်ပြီးတော့ တဲတွေဆောက်၊ သင်တန်းခန်းမတွေ ဆောက်ခဲ့တယ်။ သီးပင်စားပင်တွေ၊ သစ်ပင်ပန်းမာန်တွေ စိုက်ပျိုးပြီး ကိုယ်တိုင်လည်း ရေလောင်းပေါင်းသင် လုပ်ခဲ့တယ်။

ဒုက္ခသည် စခန်းတွေကိုလည်း အတီးရောက်တာပါပဲ။ အတီးနဲ့အတူ ဒုက္ခသည်စခန်းတခုကို သွားခဲ့တုန်းက ဖိနပ်မပါ ခြေဗလာနဲ့ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေကို မြင်တော့ အတီးက အတီးရဲ့ငယ်ဘ၀ကို သတိတရနဲ့ ပြန်ပြောပြတယ်။ “ကျနော်တို့ ငယ်ငယ်က မိဘတွေက အရမ်းချို့တဲ့တာ။ ကျနော် ငယ်ငယ်လေးထဲကနေ အသက် ၁၂နှစ်အထိ အမေက ကျနော့်ကို ဖိနပ်တခါ မ၀ယ်ပေးဖူးဘူး။ ကျနော်တို့ရွာက ကလေးတွေမှာလည်း ဖိနပ်မရှိကြဘူး။ ကျနော်ဆို အသက် ၁၂ နှစ်အရွယ်အထိ ခြေဗလာနဲ့ပဲ ကျောင်းတက်ခဲ့ရတာ”။ ဒါကြောင့်လည်း အတီးဟာ ဖိနပ်ဟောင်းတွေဆို မပစ်ရက်ဘူး။ ဟောင်းလို့ ပစ်ထားခဲ့တဲ့ သားသမီးတွေရဲ့ ဖိနပ်တွေကို အတီးကိုယ်တိုင် ပြုပြင်ချုပ်လုပ်ပြီးတော့ ပြန်စီးခဲ့တယ်။ ဒီလို ခြိုးခြံချွေတာပေမယ့် ရှေ့တန်းက ရဲဘော်တွေ၊ ခြေ၊ လက်၊ မျက်စိ စွန့်လွှတ်ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေ၊ ကျန်းမာရေးချို့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်တော့ အတီးဘယ်တော့မှ လက်မနှေးခဲ့ဘူး။

အတီးက အမျိုးသားရေး၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားလူငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် မှာလည်း အားပေးခဲ့၊ မျှော်လင့်ခဲ့၊ ယုံကြည်အားထားခဲ့တဲ့ ခေါင်းဆောင်တဦးပါ။ မိခင်အဖွဲ့အစည်းရဲ့ လုပ်ငန်းတာဝန်တွေ၊ တပ်ပေါင်းစု တာဝန်တွေကို အချိန်ပြည့်နီးပါး ထမ်းဆောင်နေရပေမယ့် လူငယ်တွေ၊ အမျိုးသမီးတွေ ဖိတ်ကြားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေကိုလည်း မပျက်မကွက် တက်ရောက်ပြီးတော့ အားပေးစကားတွေ ပြောခဲ့၊ နိုင်ငံရေးတရားတွေ ဟောခဲ့သူပါ။ လူကြီးလူငယ်မခွဲ၊ လူမျိုးဘာသာမခွဲ၊ ရာထူး အဆင့်အတန်း မခွဲ၊ အတွေးအခေါ် အယူအဆမခွဲဘဲ လူတိုင်းကို တန်းတူရည်တူ တန်ဖိုးထားပြီး တလေးတစားရှိတဲ့ အတီးကို ကျမတို့ ဘယ်လိုမေ့ပျောက်လို့ ရနိုင်မှာလဲ။

ကျမအတွက်ကတော့ အတီးရဲ့ စာတွေ၊ ကဗျာတွေအပေါ် ချစ်တဲ့စိတ်၊ သစ်ပင်ပန်းမာန်တွေအပေါ်မှာ မြတ်နိုးတွယ်တာစိတ်က အများနဲ့ မတူတဲ့ ထူးထူးခြားခြား အမှတ်ရစရာတွေပါ။ ကျမရေးတဲ့ စာတွေ၊ ကဗျာတွေကို ဘယ်သူမှ သတိမထားမိသေးတဲ့ အချိန်ကတည်းက အတီးက ကျမကို အားပေးခဲ့တယ်။ နောက်ပိုင်း စာတွေ အရေးစိပ်လာတဲ့အခါမှာလည်း ကျမရဲ့ စာတွေ၊ ကျမရဲ့ ကဗျာတွေကိုဖတ်ပြီး တလေးတစားနဲ့ ချီးကျူးခဲ့တယ်။ “ခိုင်မာရေ ခင်ဗျားရေးတဲ့ စာတွေ၊ ကဗျာတွေ တော်တော်ကောင်းတယ်၊ ကျနော်တို့ ကရင်ထဲမှာ ဒီလို စာတွေ၊ ကဗျာတွေ ရေးတဲ့လူက သိပ်ရှားတယ်။ တကယ်ဆို ကျနော်တို့ လူမျိုးတွေရဲ့ အကြောင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေတွေကို ရေးမယ်ဆို ရေးစရာတွေ အများကြီးပဲ။ ရေးပါဗျာ၊ ကျနော်တော့ အားပေးတယ်”။ ကျမကို ဒီလိုအားပေးခဲ့သလို တရင်းတနှီးနဲ့လည်း နောက်ပြောင်ခဲ့ဘူးတယ်။ “ကျနော်က စာရေးဆရာမ၊ ကဗျာဆရာမကို ချွေးမ သိပ်တော်ချင်တာ။ ကျနော် တော်ချင်တဲ့ ချွေးမကလည်း ကျနော့် သားကို မကြိုက်၊ ကျနော့် သားကလည်း ကျနော်တော်ချင်တဲ့ ချွေးမကို မကြိုက်”လို့ ပြောပြီး ရယ်မောနေတဲ့ အတီးမျက်နှာကို ကျမ မြင် ယောင်နေသေးတယ်။
တက္ကသိုလ်ကျောင်းသားဘ၀ထဲက စာပေတွေကို လေ့လာလိုက်စားပြီး ကလောင်စသွေးခဲ့တဲ့ အတီးဟာ ရေဆန်၊ မန်းရှာ၊ မန်းရှာလားဖန်း၊ နန့်ဇိုယာဖန်း၊ လေ့လာသူတဦး၊ တိုက်ပွဲဝင်ရဲဘော်တဦးဆိုတဲ့ ကလောင်အမည်တွေနဲ့ ကဗျာတွေ၊ အတွေးအခေါ်နဲ့ တော်လှန်ရေး ဆောင်းပါးတွေကို ကေအဲန်ယူကထုတ်တဲ့ သနူးထူးဂျာနယ်၊ ထောမဲပါဂျာနယ်၊ တော်လှန်ရေးနယ်မြေထုတ် မဒတ ဂျာနယ်နဲ့ အခြားသတင်းစာ၊ ဂျာနယ်တွေမှာ အမြဲလိုလို စာတွေရေးခဲ့တယ်။ စာတွေ ကဗျာတွေကိုချစ်၊ စာတွေ၊ ကဗျာတွေကို ကိုယ်တိုင်လည်း သီကုံးရေးဖွဲ့တဲ့ အတီး ဟာ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီ၊ ကာတွန်းစတဲ့ စာပေရေးရာ ပုဂ္ဂိုလ်ကြီးငယ် အားလုံးကိုလည်း တန်ဖိုးထား လေးစားသူပါ။

မာနယ်ပလောကျပြီးနောက် သနူးထူးဂျာနယ် ထုတ်ဝေရေးကိစ္စကို အတီးကိုယ်တိုင် တာဝန်ယူဆောင်ရွက် ရတဲ့ အချိန်မှာတော့ ဂျာနယ်ထုတ်ဝေရေးအတွက် ကျမကို အမြဲလိုလို တိုင်ပင်ဆွေးနွေးခဲ့၊ အတီးကိုယ်တိုင်လည်း တော်လှန်ရေး နယ်မြေရောက် စာရေးဆရာ၊ ကဗျာဆရာတွေဆီမှာ တလေးတစားနဲ့ စာမူတွေတောင်းခဲ့၊ ကျမကိုလည်း ကဗျာတွေ စာတွေရေးဖို့ တိုက်တွန်းနှိုးဆော်ခဲ့။ ကိုယ်တိုင်လည်း ကလောင်အမည်မျိုးမျိုးနဲ့ တကုန်းကုန်းနဲ့ ရေးခဲ့တာတွေဟာ ကျမ မျက်ဝန်းထဲမှာ တရစ်ဝဲ၀ဲပါ။ ကျမ ဘယ်လိုမှ မေ့လို့မရနိုင်တာက ဂျာနယ်အတွက် ကွန်ပြူတာရှေ့မှာ ကျမတို့စာစီ၊ စာရိုက်၊ ဒီဇိုင်းတွေ ပြင်ဆင်ချိန်မှာ အတီးက နောက်ဖေး မီးဖိုချောင်ထဲမှာ ငရုပ်သီးစိမ်းတွေ ထောင်း၊ ဟင်းရွက်စုံ တာလပေါ့ဟင်းကို ကျကျနန ချက်ပြီး ကျမတို့ကို ကျွေးခဲ့။ ကျမတို့ စားခဲ့တဲ့ ပန်းကန်တွေကိုလည်း အားလုံးသိမ်းကျုံးပြီး ဆေးကြောပေးခဲ့ တာတွေပါ။

အတီးက တပည့်၊ ရဲဘော်တွေအပေါ်မှာ နားလည်မှု၊ ကြင်နာမှုရှိရုံမက သားသမီးနဲ့ ဇနီးသည်အပေါ်မှာလည်း ကြင်နာမှုအပြည့် ရှိသူပါ။ မူးဂါးနမ့်ကျင်ရွှေ အိပ်ရာထဲ ဘုန်းဘုန်းလဲတော့ အလုပ်တာဝန်တွေကြားက နေ့မအိပ် ညမအိပ် ပြုစုခဲ့တာတွေ။ မူးဂါးရဲ့ အကျီင်္တွေ၊ ထမီတွေကို ကိုယ်တိုင်လျှော်ဖွတ် ပေးခဲ့တာတွေ။ အရိုးစုလိုဖြစ်နေတဲ့ မူးဂါးခန္ဓာကိုယ်လေးကို ကြင်ကြင်နာနာ ထူမတ်ပြီး ဆန်ပြုတ်ပူပူလေးကို တယုတယနဲ့ တိုက်ကျွေးခဲ့တာတွေကို ကျမ ဘယ်လိုမေ့လို့ရမှာလဲ။

အတီးရဲ့ ငယ်ပေါင်းကြီးဖက်လည်း ဖြစ်၊ ရဲဘော်ရဲဘက်လည်း ဖြစ်၊ တိုက်ဖော်တိုက်ဖက်လည်း ဖြစ်၊ အတီးရဲ့ စတုတ္ထသူရဲကောင်းလည်း ဖြစ်ခဲ့တဲ့ မူးဂါးနမ့်ကျင်ရွှေ ဆုံးပြီးတဲ့နောက်မှာ အတီးဟာ ပန်းပင်တွေအပေါ်မှာ ပိုပြီး သံယောဇဉ်ကြီးတာလာကိုလည်း ကျမသတိထားမိတယ်။ တနယ်ထဲသား၊ တောသူတောင်သား သားသမီးတွေ ဖြစ်ကြတဲ့ အတီးနဲ့ မူဂါးဟာ၊ ဘ၀တူ၊ ၀ါသနာတူ၊ စိတ်တူသဘောတူ ရှိခဲ့တယ်။ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေး ခရီးကြမ်းထဲမှာ အတူဖြတ်သန်းခဲ့ကြပြီး တဦးနဲ့တဦး နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေ ပိုမိုခိုင်မာလာတဲ့အချိန်မှာ မူးဂါးနမ့်ကျင်ရွှေ အတီးနားက ထွက်ခွာသွားတော့ အတီး အတော်ကြေကွဲ ခဲ့ရတယ် မဟုတ်လား။ အတီးက မူဂါးကို သားသမီးတွေ အတောင်အလက် စုံတဲ့အထိ၊ ကရင်တော်လှန်ရေး ခရီးဆုံးအထိ အေးအတူပူအမျှ အတူရှိနေစေချင်သေးတယ် မဟုတ်လား။ မူးဂါး ဆုံးပါးပြီးတဲ့နောက်မှာ အတီးရဲ့အဖော်ဟာ မူဂါးနမ့်ကျင်ရွှေ နှစ်သက်တဲ့ ယုဇနပန်းတွေ ဖြစ်လာတယ်။ မူဂါးအတွက်ရ ည်စူးပြီး စိုက်ပျိုးထားတဲ့ ယုဇနပန်းပင်လေးကို ညနေတိုင်း ရေလောင်းပေးရင်းနဲ့ မူဂါးကို လွမ်းတဲ့စိတ်တွေကို အတီးဖြေသိပ်ခဲ့တယ် မဟုတ်လား။ အတီးရဲ့ စာအုပ်စဉ် ယိုင်နဲ့နဲ့လေး ပေါ်မှာက မူးဂါးနမ့်ကျင်ရွှေရဲ့ဓာတ်ပုံရှေ့မှာ ယုဇနပန်းတွေကို အတီး အမြဲစိုက်ထိုး ပေးခဲ့တယ်နော်။

အတီးဟာ သားသမီးနဲ့ ဇနီးသည်ကို ကြင်နာခဲ့၊ စာပေတွေကို မြတ်နိုးခဲ့၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေကို တန်ဖိုးထား လေးစားခဲ့သလို ကရင်အမျိုးသားထု တရပ်လုံးကိုလည်း လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ စည်းလုံးချစ်ကြည်မှုတွေကို အပြည့်အ၀ ရရှိခံစားစေချင်တဲ့ ခေါင်းဆောင်တဦးပါ။ န၀တက ကေအဲန်ယူကို ဘာသာရေးအရ သပ်လျှိုသွေးခွဲခဲ့လို့ သူးမွဲထာဒေသ မြစ်ဆုံအရေးအခင်းဖြစ်တော့ အတီးနဲ့ ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ စိုးရိမ်သောက ဖြစ်ခဲ့ကြ၊ စေ့စပ်ညှိနှိုင်းရေးတွေ လုပ်ခဲ့ကြ။ အတီးအပါအ၀င် မဟာမိတ် ခေါင်းဆောင်ကြီးတွေ ကေအဲန်ယူထဲက ကရင်ဗုဒ္ဓဘာသာဝင်တချို့ ခွဲထွက်မသွားအောင် ၀ိုင်းဝန်းကြိုးပမ်းခဲ့ပေမယ့်လို့ န၀တရဲ့ ထောင်ခြောက်ထဲကို ရောက်ရှိတဲ့ ဗုဒ္ဓဘာသာဝင် ကရင်တချို့ကို ဘယ်လိုမှ ဆွေးနွေးလို့ မရတော့တဲ့အပြင် အတီးတို့ကိုတောင် လုပ်ကြံသတ်ဖြတ်ဖို့အထိ လုပ်ခဲ့တာတွေ၊ အတီးတို့ အသက်ဘေးက လွတ်အောင် ရုန်းထွက်ခဲ့ရတာတွေကိုသိရတော့ ကျမတို့ အတော့်ကို ထိခိုက်နာကျင်ခဲ့ရပါတယ်။ ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ အတီးရဲ့ခံစားရတာကတော့ ကျမတို့ထက် အများကြီးပိုမှာပါ။ ကရင်ဗုဒ္ဓဘာသာဝင်တချို့ ကေအဲန်ယူထဲက ခွဲထွက်ပြီး န၀တ လက်အောက် ရောက်ရှိသွားတော့ အတီး ယူကျုံးမရဖြစ်ပြီး မျက်ရည်ကျတယ်လို့ မူးဂါးနမ့်ကျင်ရွှေ ပြန်ပြောပြလို့ ကျမတို့ သိခဲ့ရပါတယ်။

ဒီကေဘီအေ ခွဲထွက်သွားတဲ့ ကိစ္စမှာ “ကျနော်တို့ ကရင်တွေ နိုင်ငံရေး အတော်အားနည်းနေသေးတယ်။ နိုင်ငံရေးအားနည်းတော့ ရန်သူဟာ ကျနော်တို့အပေါ်မှာ ဘယ်လောက်အထိ ကောက်ကျစ်တယ်။ ယုတ်မာရက်စက်တယ် ဆိုတာကို မသိကြဘူး။ ကျနော်တို့ရဲ့ ကွဲပြားခြားနားချက်၊ အားနည်းချက်တွေကို အသုံးချပြီး ကျနော်တို့ ကရင့်တော်လှန်ရေးနဲ့ ကေအဲန်ယူကို အပြုတ်တိုက်ဖို့ ကြံစည်လုပ်ဆောင်နေတယ် ဆိုတာကို နားမလည်ကြဘူး။ တော်လှန်ရေး၊ နိုင်ငံရေးမှာ အတွေးအခေါ်အရ ကွဲလွဲမှုတွေ ရှိပါတယ်။ ကျနော်တို့ ကရင်တော်လှန်ရေး တလျှောက်လုံးမှာလည်း ရှိခဲ့တာပါပဲ၊ ဒီတခါ ကွဲတာကတော့ ကျနော်တို့ ကရင့်တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ”လို့ အတီး မှတ်ချက်ချခဲ့တာကို ကျမ ကောင်းကောင်း မှတ်မိနေပါတယ်။

ဒီကေဘီအေဆိုပြီး ခွဲထွက်သွားပြီးတဲ့နောက်မှာ ကရင်အမျိုးသားအချင်းချင်း ပြန်လည်ပေါင်းစည်းဖို့အတွက် အတီးအပါအ၀င် ကေအဲန်ယူခေါင်းဆောင်ကြီးတွေ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် နအဖရဲ့ ညွန်ကြားချက်အတိုင်း ကေအဲန်ယူစခန်းတွေကို ဒီကေဘီအေ ဘက်ကနေ အကြိမ်ကြိမ် တိုက်ခိုက်လာတဲ့အခါမှာတော့ သတင်းမီဒီယာတွေကနေ ရန်၊ ငါ စည်းခြား ပြတ်ပြတ်သားသား ပြောခဲ့သူဟာ အတီးပါ။ ဒါပေမယ့် ကရင်တွေ အကွဲကွဲအပြားပြားဖြစ်နေ၊ ကရင်အချင်းချင်း ပြန်တိုက်နေရတာကိုတော့ အတီး နှလုံးကြေကွဲမတတ် ခံစားခဲ့ရတယ် မဟုတ်လား။ ဒီကေဘီအေကိစ္စ ဆွေးနွေးလိုက်တိုင်း ကြည်လင်နေတဲ့ အတီးမျက်နှာဟာ ရွာတော့မယ့်မိုးလို မှုန်မှိုင်းသွားပြီး “ကျနော်တို့ ကရင်တွေ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် ဖြစ်ကြရင် သိပ်ကောင်းမယ်ဗျာ”လို့ ပြောပြီး သက်ပြင်းရှည်ကြီးကို အတီးချတတ်တယ်။

မြစ်ဝကျွန်းပေါ် ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဇာတိ၊ ဗုဒ္ဓဘာသာဝင် အနောက်ပိုးကရင်တဦးဖြစ်တဲ့ အတီးဟာ တောင်ပေါ်မြေပြန့်မခွဲဘဲ၊ စကောကရင်၊ ပိုးကရင် မခွဲ၊ အရှေ့ပိုး၊ အနောက်ပိုး မခွဲဘဲ၊ ကရင်တမျိုးသားလုံးကို တန်းတူရည်တူ ချစ်ခဲ့တယ်။ အခုတော့ အတီးချစ်တဲ့ ကရင်တွေက “မင်္ဂလာညနေခင်းပါ အတီး”လို့ နှုတ်ဆက်ပြီးတော့ အတီးရင်ဝ တည့်တည့်ကို ကျည်ဆံတွေ ပစ်သွင်းသွားခဲ့တယ်။ အတီး အံ့အားသင့်နေခဲ့တယ် မဟုတ်လား။ အတီး တချက်ကလေးမှ မညည်းညူခဲ့သလို အဲဒီကရင်တွေကိုလည်း အတီး အပြစ်မယူခဲ့ဘူး မဟုတ်လား။ ဒီအကြောင်းကို အတီးကိုယ်တိုင် သတင်းသမားတွေကို ပြောခွင့်ရမယ်ဆိုရင် “ဒါဟာ အိမ်ကြက်အချင်းချင်း အိုးမဲသုတ်တဲ့ နအဖရဲ့ ရက်စက် ယုတ်မာမှု၊ နအဖစစ်အစိုးရရဲ့ အကြမ်းဖက်မှု”လို့ အတီးပြောမှာ သေချာပါတယ်။
အတီးကျဆုံးသွားခဲ့တဲ့ ညနေခင်းဟာ ချစ်သူများရဲ့ ညနေခင်းပါ။ ကျမတို့ အားလုံးအတွက်တော့ အတီးကို မှတ်မှတ်ရရ အမြဲရှိနေမယ့် ညနေခင်းပါပဲ အတီးရယ်။ အတီးလျှောက်ခဲ့တဲ့ လမ်းကို ပြန်ကြည့်ရင် လွမ်းစရာတွေ အတိနဲ့ပါ။ အခုတော့ ရေဆန်ဆိုတဲ့ မန်းရှာလားဖန်းရဲ့ အရိုးပြာကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေက သောင်ရင်းမြစ်ရေလျဉ်ထဲမှာ မျောချနေကြပြီ အတီးရေ။ အတီးရဲ့ အရိုးပြာထဲမှာ ကရင်ပြည်သူတွေနဲ့အတူ တိုင်းရင်းသား လူမျိုးပေါင်းစုံကိုချစ်တဲ့ အတီးရဲ့ အချစ်တွေပါတယ်။ မြန်မာပြည်သူလူထုတရပ်လုံး နအဖ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရမယ်ဆိုတဲ့ အတီးရဲ့ ယုံကြည်ချက်တွေပါတယ်။ စစ်အာဏာရှင်စနစ် မုချကျဆုံးရမယ်ဆိုတဲ့ အတီးရဲ့ ယုံကြည်ချက်တွေပါတယ်။

သောင်းရင်းမြစ် ရေလျဉ်ကြောမှာ မန်းရှာလားဖန်းရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ စီးမျောနေပြီ အတီးရေ။ အတီးရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေဟာ သောင်းရင်းမြစ်ထဲကနေ သံလွင်မြစ်မကြီးထဲကို စီးမျောသွားလိမ့်မယ်။ သံလွင့်မြစ်မကြီးရဲ့ မြစ်လက်တက်၊ မြစ်ခွဲတွေဆီကတဆင့် အတီးရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေက ဧရာဝတီမြစ်ကြီးထဲကို စီးဝင်ရောက်ရှိသွားလိမ့်မယ်။ ဧရာဝတီမြစ်ကြီးထဲ ရောက်ရှိသွားတဲ့ အတီးရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေဟာ ရပ်တန့်မနေဘဲ မြန်မာနိုင်ငံတ၀န်းဆီကို ပျံ့နှံ့ရောက်ရှိသွား မယ်ဆိုတာ ကျမ အခိုင်အမာ ယုံကြည်နေပါတယ်။

ခိုင်မာကျော်ဇော


ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှကူးယူဖော်ပြပါသည်။

(ဆက်ဖတ်ရန်...................)