Friday, June 18, 2010

ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ



ကျွန်ုပ်တို့နိုင်ငံအတွင်းဖြစ်ရှိနေသော နှစ်ငါးဆယ်ကျော်ပြည်တွင်းစစ်ကြီး၏ အဓိကသော့ချက်ပြဿနာ သည် ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာဖြစ်သည်။ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ စုစည်း နေထိုင်ရာနယ်မြေ နယ်မြေဒေသချင်းမတူညီသော လူမျိုးများစုပေါင်းနေထိုင်သည့် နိုင်ငံတစ်ခုအတွင်း လူမျိုးစုများ အတူနေထိုင်ရေး၊ တနည်းအားဖြင့် ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာသည် အဓိကပြဿနာကြီးဖြစ်သည်။ ၄င်းပြဿနာကို ပကတိအနေအထားနှင့်ကိုက်ညီမှန်ကန်စွာမဖြေရှင်း အာဏာရသူတို့က မိမိတို့ဆန္ဒအရ လိုရာဆွဲ ပုံစံချ အမည်ခံပြည်ထောင်စုကိုဖွဲ့စည်းခဲ့သဖြင့် ညီအစ်ကိုလူမျိုးအချင်းချင်း ပြင်းထန်စွာစစ်ခင်းရသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပေါ်လာခဲ့သည်။ ယင်းစစ်ပွဲကြောင့် စစ်တပ်သည်အရေးပါအရှိန်အဝါရလာပြီး နောက်ဆုံးအာဏာ သိမ်းသည့်အထိ ဖြစ်ပေါ်လာသည်။ သို့နှင့် တစ်ပါတီအာဏာရှင်အစိုးရ၏ စိုးမိုးဖိနှိပ်မှုကို ပြည်သူတစ်ရပ်လုံး နှစ်ပေါင်းရှည်ကြာစွာခံခဲ့ရသည်။ စီးပွားရေးအရလည်း မကြုံဘူးအောင်ဆင်းရဲငတ်မွတ်လာရသည်။ ထို့ကြောင့် ဤစုစည်းနေထိုင်ရေး သို့မဟုတ် ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေပေသည်။

ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ပြဿနာဖြစ်ပေါ်လာရခြင်းအခြေခံကို လေ့လာရန်လိုအပ်ပေသည်။ သမိုင်း ကိုပြန်ကြည့်လျှင် ကျွန်ုပ်တို့နိုင်ငံတွင် လူမျိုးအချို့တို့သည် သီးခြားနိုင်ငံများဖြင့် နှစ်ပေါင်းကြာရှည်စွာ နေထိုင်လာ ခဲ့ကြသည်။ အချို့လူမျိုးတို့မှာလူဦးရေ၊ ဓနအင်အား၊ စစ်အင်အားနည်းပါးသဖြင့် လက်အောက်ခံဘဝနှင့် နေထိုင် လာခဲ့ရသည်။ သို့သော် ဧကရာဇ် ပဒေသရာဇ်စနစ်တွင် ဘဏ္ဍာဆက်သရန်သာအဓိကဖြစ်ပြီး မိမိတို့အကြီးအကဲနှင့် မိမိတို့လူမျိုးဒေသကို အုပ်ချုပ်နေထိုင်လာခဲ့ရသည်။ တချိန်ချိန်တွင် စစ်အင်အားကြီးမားသော ဘုရင်တပါးပါးက နီးစပ်ရာ ဧကရာဇ်ဘုရင့်နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် ကျယ်ပြန့်သော နိုင်ငံအသွင်ရောက်ခဲ့သည်။ သို့သော် အင်အားနည်းပါးလာနှင့် ထိုအင်ပါရာနိုင်ငံသည်လည်း ပြိုကွဲပျက်စီး ရပြန်သည်။ စစ်အင်အားကောင်းသော အလောင်းဘုရားနှင့် ဘိုးတော်ဘုရားတို့က မွန်နှင့်ရခိုင်ပြည်ကိုသိမ်းပြီး ကုန်းဘောင်မင်းဆက် အင်ပါရာနိုင်ငံတော်ကို တည်ဆောက်အုပ်ချုပ်နိုင်ခဲ့သည်။ ဤအခြေခံကိုယူပြီး အတုအယောင်ပြည်ထောင်စုကို လှည့်စားပုံဖော်ခဲ့သဖြင့် ယနေ့အထိပြဿနာ ပေါ်နေရခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေးအခြေခံကို တောင်တန်းဒေသ လူမျိုးစု ခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးချမှတ်သွားခဲ့သည်။ သို့သော် ၄င်းနှင့် လူမျိုးစုခေါင်းဆောင်များ ချုပ်ဆိုခဲ့သော စာရွက် စာတမ်းများသည်လည်း ၄င်းနည်းတူမြေမြုပ်သင်ဂြိုဟ်ခံခဲ့ရသည်။ ဦးနုခေါင်းဆောင်သော ဖဆပလခေါင်းဆောင် များသည် အသွင်အားဖြင့် ပြည်ထောင်စု (Federal State) လက်တွေ့အားဖြင့် တစ်ပြည်ထောင်စနစ် (Unitary State) ဖြစ်သော အမည်ခံပြည်ထောင်စုဖွဲ့စည်းပုံကို ဦးချန်ထွန်းအား ရေးဆွဲစေခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် မပါဝင်ခဲ့သော တနည်းအားဖြင့် အင်္ဂလိပ်တို့ စည်းရုံးဖဲ့ထုတ်မှုကို မစိုးရိမ်ရသော ကရင်၊ မွန်၊ ရခိုင် လူမျိုးများကိုမူ လူမျိုးတစ်မျိုး၏ အင်္ဂါရပ်များနှင့် မည်မျှပြည့်စုံစေကာမူ မည်သည့်အခွင့်အရေးမျှမပေးခဲ့ပါ။ အထပ်ထပ်ခါခါ ဆန္ဒပြ တိုက်ပွဲဝင်တောင်းဆိုသောအခါမှ မပြောပလောက်သော အခွင့်အရေးတစ်ချို့ကိုပေးခဲ့သည်။ ကရင်လူမျိုးတို့မှာ အင်္ဂလိပ်တို့လက်ထက်က ဖွဲ့စည်းခဲ့သော စစ်တပ် အရှိန်အဝါကြောင့် မွန်နှင့် ရခိုင်တို့ထက် စောလျင်စွာ ပြည်နယ်ရခဲ့သည်။

တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ရင်းနှီးချစ်ကြည်အေးချမ်းစွာ ပြဿနာကိုမဖြေရှင်းဘဲ ၄င်းတို့ရေးဆွဲ ထားသော ဥပဒေကို ဘုရားဒေသနာကဲ့သို့မှတ်ယူပြီး အသေဆုပ်ကိုင်ထားကာ စစ်သားနှင့် ပုလိပ်ကိုသုံး၍ ဖီဆန် သူများကို ကျည်ဆန်နှင့်ထောင်ဒဏ်များပေးခဲ့သည်။ ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ် လာခဲ့ရသည်။

ကမ္ဘာသိ မြန်မာသိ သစ္စာကတိဖြင့် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါသဘောထားကို အခြေခံပြီး နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်(၁ဝ) နှစ်ပြည့်၍ အကျိုးမရှိဟုမြင်ပါက ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ကို ခွဲထွက်ခွင့်ပေးထားသည်။ သို့သော်၎င်းတို့သည် ခွဲထွက်ခြင်းကိုမတောင်းဆို ပြည်နယ်အခွင့်အရေး ပိုပေးရန် တောင်း ဆိုသည်ကိုပင် မပေးခဲ့သဖြင့် တော်လှန်ရေးစစ်ပွဲများပိုမိုကျယ်ပြန့်ခဲ့လေသည်။ ယခုဆိုလျှင် လူဦးရေ အတော်အတန်ရှိပြီး ထင်ရှားသောလူမျိုးတိုင်းတွင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် လှုပ်ရှားမှုများ ရှိနေသည်။ ဤစုစည်းညီညွတ်စွာ ပူးပေါင်းနေထိုင်ရေးပြဿနာကို ဦးနုက အတုအယောင်ပြည်ထောင်စုဖြင့် လှည့်စားဖြေရှင်း ခဲ့သည်။ ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သဘောတရားဖြင့် ကာရံဖုံးလွှမ်းပြီး တစ်ပြည်ထောင်စနစ်ဖြင့် ဖြေရှင်းခဲ့သည်။ မည်သည့်နည်းကမျှ မဖြေရှင်းနိုင်ခဲ့ချေ။ ပကတိအခြေအနေနှင့် ဆန့်ကျင်ပြီး ပြဿနာကို ဆန္ဒစွဲဖြင့် ဖြေရှင်းခဲ့သဖြင့် နိုင်ငံရေးဒဏ်ခတ်ခြင်းကို ခံသွားကြရပြီးဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံ၏ ပကတိအနေအထားနှင့် ကိုက်ညီသော ပြည်ထောင်စုကို မည်သို့တည်ဆောက် ရမည်နည်း။ ကမ္ဘာပေါ်တွင် မတူကွဲပြားသောလူမျိုးများကိုအခြေခံပြီး နိုင်ငံများစွာကို ဖက်ဒရယ်ပြည်ထောင်စု စံနစ်ဖြင့် ဖွဲ့စည်းခဲ့သည်။ ဥပမာ ဆိုဗီယက်ယူနီယံ၊ အိန္ဒိယ၊ ဆွစ်ဇာလန်၊ ယူဂိုစလားဗီးယားနှင့် ချက်ကို စလိုဗက်ကီးယား နိုင်ငံတို့ဖြစ်သည်။ ၄င်းနိုင်ငံများသည် လူမျိုးရေးအရ ကျွန်ုပ်တို့နိုင်ငံနှင့်ဆင်တူမှုရှိသည်။ မတူသောလူမျိုးကွဲများ အတွင်း လူဦးရေများသော(သို့မဟုတ်) ယဉ်ကျေးမှုအသိပညာတိုးတက်သော (သို့မဟုတ်) စစ်ရေး၊ စီးပွားရေးတို့ တွင် အားကောင်းသောလူမျိုးတမျိုးက အခြားလူမျိုးများကို လက်အောက်ခံအဖြစ်နှင့် စုစည်းထား၍မရ။ ရပါကလည်း မမြဲနိုင်။ မအေးချမ်းနိုင်ပါ။ ကျေနပ်ချစ်ခင်စွာဖြင့် စုစည်းကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့နိုင်ငံအတွက် ဖြစ်သင့်သော ပြည်ထောင်စုမှာ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ စုစည်းနေထိုင်သောဒေသ၊ ထိုက်သင့်သော လူဦးရေ၊ ဖူလုံသောစီးပွားရေးအခြေခံတို့နှင့် ပြည်စုံက ၎င်းလူမျိုးအတွက် ပြည်နယ်တခုဖွဲ့စည်းပေးရန် လိုသည်။ ပြည်နယ်အကျယ်ဝန်းနှင့် တည်နေရာတို့မှာ ၎င်းစုစည်းနေထိုင်ရာ ဒေသပေါ်တွင် ရှိရမည်။ ထိုပြည်နယ်များသည် ချုပ်ချယ်မှုမရှိသော ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အာဏာဆိုသည်မှာ ၄င်းတို့ပြည်နယ်အခြေအနေနှင့် ကိုက်ညီသော ဥပဒေကို ၎င်းတို့ရေးဆွဲပိုင်ခွင့် ပြဌာန်းပိုင်ခွင့်၊ ၄င်းတို့ပြည်နယ်ကို ၄င်းတို့ကြိုက်နှစ်သက်သူများနှင့် ရွေးချယ်အုပ်ချုပ် ပိုင်ခွင့်၊ ၄င်းတို့ပြည်နယ် အတွင်း တရားစီရင်ပိုင်ခွင့်များ ရှိရသည်။

အထက်ပါအင်္ဂါရပ်(သို့မဟုတ်)အခြေခံအချက်များတွင် အားနည်းမှုရှိသောလူမျိုးစုငယ်များကိုမူကိုယ်ပိုင်ပြဌာန်း ခွင့် ပြည်နယ်တခုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လူမျိုးစုဒေသ စသည်ဖြင့် လူမျိုးငယ်များ၏အခွင့်အာဏာကို ထိုက်သင့်သလိုပေးထားရမည်။ လူမျိုးတစ်မျိုး၏ အမျိုးသားဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုကို တားဆီးပိတ်ပင်ထားခြင်းမျိုးမရှိဘဲ အားပေးသွားရမည်ဖြစ်သည်။

အရွယ်အစားအားဖြင့် မတူညီသော်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် ပြည်နယ်များတွင် အခွင့်အာဏာများ တူညီစွာ ရှိရမည်။ ၎င်းပြည်နယ်များကို ကိုယ်စားပြုသော ကိုယ်စားလှယ်အညီအမျှဖြင့် အမျိုးသားလွှတ်တော် (သို့မဟုတ်) အထက်လွှတ်တော်ကိုဖွဲ့စည်းပြီး ပြည်ထောင်စုဆိုင်ရာ အဆင့်မြင့်သောအာဏာများကို ပေးအပ်ထားရမည်။

ပြည်ထောင်စုအစိုးရသည် ပြည်နယ်များအနေဖြင့် မလုပ်သင့်သော သို့မဟုတ် ပြည်နယ်များက လွှဲအပ် ထား သော အခွင့်အာဏာများနှင့် လုပ်ငန်းများကို ကိုင်တွယ်လုပ်ဆောင်သွားရမည်။ ဥပမာ - နိုင်ငံခြား ဆက်သွယ်ရေး၊ ပြည်ထောင်စုကာကွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးရိုက်နှိပ်ထုတ်ဝေရေးနှင့် လူမှုထောက်ပံ့ ကယ်ဆယ်ရေး လုပ်ငန်းတို့ကို လုပ်ဆောင်သွားရန် ဖြစ်သည်။

ဤသည်မှာ စစ်မှန်သောပြည်ထောင်စုတစ်ခု၏ ဖွဲ့စည်းပုံဆိုင်ရာ လိုအပ်ချက်ဖြစ်သည်။ နိုင်ငံပေါင်းစုံမှ ပြည်ထောင်စုဖွဲ့စည်းပုံများကို လေ့လာ၊ မိမိတို့နိုင်ငံအခြေအနေနှင့် ပေါင်းစပ်၊ လူမျိုးစုံခေါင်းဆောင်များနှင့် ညှိနှိုင်းပြီး ဖိနှိပ်ချုပ်ချယ်စိုးမိုးမှုကင်းသော အများလက်ခံနိုင်သည့်ပုံစံသစ်ဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင် စုကို ဖွဲ့စည်းနိုင်မှသာ ကျွန်ုပ်တို့နိုင်ငံအတွင်းဖြစ်ရှိနေသည့် လူမျိုးရေးအရ မုန်းတီးမှု၊ ရန်ပြုတိုက်ခိုက်မှုများကို ဖြေရှင်း နိုင်ပေလိမ့်မည်။

လူမျိုးရေးအရ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပေါ်ခဲ့သောပြဿနာကို အတုအယောင်ပြည်ထောင်စုဖြင့် လှည့်စား၍ မရပါ။ ပိုမိုစုစည်းအားကောင်ရန်ဆိုပြီး တစ်ပြည်ထောင်စနစ်ဖြင့် လူမျိုးကွဲအသွင်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှု သည်လည်း အားမကောင်းနိုင်ဘဲ ပို၍ပို၍သာအားနည်းလာစေခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ နောက်ဆုံးမျိုးဆက် အနှစ်ငါးဆယ်ကျော် လက်တွေ့နယ်ပယ်တွင် စမ်းသပ်ခဲ့ပြီးဖြစ်၍ လမ်းမှန်ကိုလျှောက်ကြရန် သင့်ပြီ။ လူမျိုးရေး အရဖြစ်ပေါ်နေသောပြဿနာများကို ဖြေရှင်းပြီး ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့် အရေးများကိုပါ ဖြည့်စွက် လိုက်ပါက တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကို မြေကြီးလက်ခတ်မလွဲ ရရှိလာပါလိမ့်မည်။ ထိုအခါ အေးချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်သောပြည်ထောင်စုကြီးကို လွယ်ကူစွာ အမှန်တကယ် ဖော်ဆောင် နိုင်ပါလိမ့်မည်။


နိုင်ဟံသာ

http://www.kaowao.org/b/2010art-june-17.php မှကူးယူဖော်ပြသည်။

0 comments:

Post a Comment