Monday, March 19, 2012

ဖဒို မန်းငြိမ်းမောင်ကို နှောင်ကြိုးမဲ့လွှတ်ပေး


ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတ၏ ညွှန်ကြားမှုဖြင့် တနင်္ဂလာနေ့ နံနက်တွင်
နှောင်ကြိုးမဲ့ လွှတ်ပေးလိုက်ပြီဟု KNU နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

“မနက် ၇း၃၀ မှာ အင်းစိန်တရားရုံးကနေပြီးတော့ တရားဝင် လွှတ်ဖို့အတွက် သမ္မတရဲ့ အမိန့်စာကို တရားသူကြီးက ဖတ်ပြပြီးတော့ သူ့ကို နှောင်ကြိုးမဲ့ လွှတ်ပေးခြင်းနဲ့ လွှတ်ပေးလိုက်ပါပြီ။” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

သမ္မတ၏ ညွှန်ကြားချက်ကို သမ္မတရုံး တာဝန်ခံ ဗိုလ်မှူးကြီး ချစ်ကိုကိုမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဖဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် အမိန့်စာကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ လက်မှတ်ထိုး ထုတ်ပြန်သည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။

ယခုအချိန်တွင် ဖဒိုမန်းငြိမ်းမောင်သည် သမ္မတရုံးတာဝန် ဗိုလ်မှူးကြီး ချစ်ကိုကို၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ သွားရောက်နေသည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။ “အခု နေပြည်တော်ကို သွားနေပါတယ်။ သူ့ကို အထူး ဖိတ်ကြားချက်အရ အထူးဧည့်သည်တော် အဖြစ် KNU ငြိမ်းချမ်းရေး အတွက်ပါ။ သူနဲ့လည်း တိုင်ပင်ချင်တယ်ပေါ့နော်။ ဟိုဘက်က Idea လည်း သူတို့ သိချင်တယ်ပေါ့။” ဟု ဦညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

ဖဒိုမန်းငြိမ်းမောင်သည် နေပြည်တော်တွင် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု လည်း သိရသည်။

အသက် ၇၀ ရှိ ဖဒိုမန်းငြိမ်းမောင်ကို သူ၏ မိခင်အဖွဲ့အစည်းဖြစ်သော KNU သို့ ယခုလ ၂၄ ရက်နေ့တွင် မြဝတီမြို့၌ ပြန်လည် အပ်နှံမည်ဖြစ်သည်ဟုလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောသည်။

ဖဒိုမန်းငြိမ်းမောင်ကို အင်းစိန် မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးလှဝင်းက အင်းစိန်ထောင်တွင်း အထူး တရားရုံး ဖွဲ့၍ မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် အစိုးရအား လက်နက်စွဲကိုင် ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) အရ တသက်တကျွန်း ချမှတ်ပြီး စီရင်ချက် နှစ်ခုကို တပေါင်းတည်း ကျခံရမည်ဟု ယခုလ
၁၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သူသည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုကာ အစိုးရမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၁၉၆၇ ခုတွင် ကရင် လူငယ်ခေါင်းဆောင်တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို မန်းငြိမ်းမောင် ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးသည်။ အခြားရဲဘော် နှစ်ဦးနှင့်အတူ လှေဖြင့် ထွက်ပြေးကာ မြန်မာပြည် ကမ်းခြေတခုတွင် အောင်မြင်စွာ ဆိုက်ကပ်နိုင်ပြီး ဒေသ အာဏာပိုင်များက ပြန်လည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။


http://www.mizzimaburmese.com/news/inside-burma/9122-2012-03-19-04-24-35.html

0 comments:

Post a Comment