Friday, February 3, 2012

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေး


အစိုးရနှင့် အပစ်အခတ် ရပ်စဲတော့မည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်း (၄)ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ဆုံစည်းမြိုင်ကျေးရွာတွင် ယနေ့မနက် (၁၀)နာရီ၌ အစည်းအဝေး ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ဗိုလ်မှူးချုပ် စောလားဖွယ်ဦးဆောင်သော ဒီကေဘီအေ (DKBA) တပ်ဖွဲ့ နှင့် ကေအန်ယူ(KNU) တပ်မဟာ (၆)၊ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ (KPF)နှင့် ကရင်ငြိမ်း ချမ်းရေး ကောင်စီတို့ တက်ရောက်ကြပါသည်။

“ ကျနော်တို့ ဒီကေဘီအေ ဖက်ကတော့ ကလို့ထူးဘောရယ်၊ ကလို့ထူးလား၊ ကလို့ထူးဝါးက တပ်ရင်းမှူးတွေ တက်ပါတယ်။ ကေအန်ယူ တပ်မဟာ (၆) ဗျူဟာမှူး ဗိုလ်မှူးကြီးဂျိုးလည်း ပါတယ်။ KPF နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ လူကြီးတွေပါပါတယ်။ ဒီပွဲကို ဗိုလ်မှူးချုပ်စောလားဖွယ်က ကမကထ လုပ်တာပါ။ အဓိကကတော့ အပစ်အခတ်ရပ်စဲရေးပြီးရင် ကျနော်တို့ ကရင်တပ်ဖွဲ့တွေအချင်းချင်း ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲ ဆိုတာကို ဆွေးနွေးကြဖို့ပါ” ဟု ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က ဆိုပါသည်။

ဆွေးနွေးချက်များမှာ-

(၁) အပစ်အခတ် ရပ်စဲပြီးနောက် တပ်ဖွဲ့ချင်း မည်သို့ပူးပေါင်းဆောင်ရွက်ကြမည်နည်း။
(၂) ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို မည်သို့ပူးပေါင်းအကောင်အထည်ဖေါ်ကြမည်နည်း။
(၃) နိုင်ငံရေးအရ ဆွေးနွေးရသည့်အခါ မည်သည့်အချက်ဆွေးနွေးပြီး၊ မည်သို့ပါဝင်ပူးပေါင်းဆောင်ရွက် ကြမည်နည်း။
(၄) စီးပွားရေးအရ မည်သို့ခွဲတမ်းချပြီး အကောင်အထည်ဖေါ်ကြမည်နည်း။စသည့် အချက်များပါဝင်ပါသည်။

သို့သော် ယခုအစည်းအဝေးတွင် အဖွဲ့အစည်း (၄) ဖွဲ့မှ တပ်မှူးများနှင့် စစ်ခေါင်းဆောင်များ အယောက် (၃၀)ခန့် တက်ရောက် ခဲ့ပါသည်။ ဒီကေဘီအေဖက်မှ၊ ကလို့ထူးဘောစစ်ဗျူဟာမှ ဗိုလ်မှူးကြီး မိုရှေး၊ ကလို့ထူးဝါးစစ်ဗျူဟာမှ ဗိုလ်မှူးကျော်သက်၊ နှင့် ဗိုလ်မှူးမောင်ကျား၊ ကေအန်ယူတပ်မဟာ (၆) စစ်ဗျူဟာမှ ဗိုလ်မှူးကြီးဂျိုးစွာတို့လည်း တက်ရောက်နေပါသည်။

ဒီကေဘီအေသည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် နိုဝင်ဘာလတွင် အပစ်အခတ်ရပ်စဲခဲ့ပြီး၊ ကေအန်ယူသည် ၂၀၁၂ခုနှစ် ဇန္နာဝါရီ လတွင် ကရင်ပြည်နယ်အဆင့် အစိုးရအဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးအတွက် ပမာဏ သဘောတူညီမှုရရှိခဲ့သော အဖွဲ့ဖြစ်ပါသည်။ ကျန်သည့် အဖွဲ့များသည်၊ အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးသား အဖွဲ့များဖြစ်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/1104-2012-02-03-11-52-52.html

0 comments:

Post a Comment