Wednesday, February 22, 2012

အစိုးရကို ပြန်တိုက်မည်ဟု ဒီကေဘီအေကြေငြာ


၃၊ ၀၂၊ ၂၀၁၂
ဒီမိုကရက်တစ် တိုးတက်သော ကရင် ဗုဒ္ဒဘာသာအဖွဲ့ (DKBA) သည် ပြီးခဲ့သောနိုဝင်ဘာလ(၃)ရက်နေ့ တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သော်လည်း ယမန်နေ့ဆွေးနွေးမှုရလာဒ်အရ အစိုးရကို ပြန်တိုက်တော့မည်ဖြစ်ကြောင်း ကြေငြာလိုက်ပြီဖြစ်သည်။

လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသအခြေစိုက်သည့် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)မှ ထိုဒေသတွင်လှုပ်ရှားနေသော ဗိုလ်ဘိဦးဆောင်သည့် ဒီကေဘီအေ လက်နက်တစ်ချို့ကို သိမ်းဆည်းရာမှ ပြသနာစခဲ့ခြင်း ဖြစ်သည်။

ဒီကေဘီအေတပ်ဖွဲ့သည် သိမ်းဆည်းခံရသောလက်နက်ပြန်ရရှိရန် မြန်မာအစိုးရနှင့် ဆွေးနွေးရာတွင် လက်နက်ကို ပြန်လိုချင်သလား၊ ငြိမ်းချမ်းရေးကို လိုချင်သလား ဟု မေးခွန်းထုတ်ခံရပြီး အချေအတင် ဆွေးနွေးညှိနိုင်းရာမှာ အဆင်မပြေမှုများကြောင့် ဒီကေဘီအေ ကလိုထူးလားစစ်ဗျူဟာခေါင်းဆောင် ဗိုလ်မှူးချုပ်စောဘိခို့က ယခုကဲ့သို့ ပြန်တိုက်မည်ဟု ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။

ကလိုထူးဘောစစ်ဗျူဟာ ခေါင်းဆောင် ဗိုလ်ချုပ်နှုတ်ခမ်းမွှေးတပ်ဖွဲ့နှင့် ကလို့ထူးလား၊ ကလို့ထူးဝါး တပ်ဖွဲ့ တို့၏ လွန်ခဲ့သော(၄)လက အပစ်ရပ်စဲရေးကဘောတူညီချက်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

" တကယ်တော့ ဒီပြသနာသေးသေးလေးကို မြန်မာအစိုးရက မဖြေရှင်းပေးနိုင်စရာ အကြောင်းမရှိပါဘူး။ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးကို မြန်မာအစိုးရက တကယ်လိုလားတယ်ဆိုရင် သူတို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာတွေ အများကြီးရှိပါတယ်။ ဒါတမင်သက်သက် နိုင်ငံရေးကစားတာ၊ ကရင်အချင်းချင်း သွေး ထိုးပေးတာ၊ ဒါကြောင့် ဒီကေဘီအေဘက်ကလည်း ပြန်တိုက်မယ်လို့ ကြေငြာလိုက်ရတာပဲ" ဟု KNU တပ်မဟာ(၆) တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဖေါဒိုက ဆိုပါသည်။

ဆက်လက်၍ ပဒိုစောဖေါဒိုက စစ်တပ်မှ ၂၅ ရာခိုင်နှုန်းပါဝင်သောကြံဖွံ့အစိုးရအဖွဲ့သည် နိုင်ငံတကာမှ လက်ခံလာအောင် ငြိမ်းချမ်းရေးကိုဟန်ပြသာလုပ်ဆောင်လျှက်ရှိပြီး တိုင်းရင်းသားများကို ဖိနှိပ်မြဲဖိနှိပ်လျှက်ရှိသောကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကို သတိရှိရှိနှင့် လုပ်ဆောင်ရမည်သာဖြစ်ကြောင်း ပြောပါသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့်လည်း လာမည့်မတ်လတွင် အစိုးရနှင့် ဆက်လက်ဆွေးနွေး ရန်ရှိပြီး နေ့ရက်၊အချိန်နှင့် နေရာကို အတည်တကျ မသတ်မှတ်ရသေးကြောင်းလည်း သိရပါသည်။

http://www.9dblood.com/2012/02/blog-post_23.html

0 comments:

Post a Comment