Friday, November 4, 2011

ဒီ​ကေဘီ​အေနှင့်​ အစိုး​ရ သ​ဘောတူညီချက် သုံး​ချက် ရရှိ


တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) နဲ့​ အစိုး​ရတို့​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက် ရရှိသွား​ပြီဖြစ်ပြီး​ မကြာခင်မှာ အပစ်ခတ်ရပ်စဲ​ရေး​ ​ကြေညာသွား​ဖို့​ ရှိပါတယ်။

မ​နေ့​က ဒီ​ကေဘီ​အေ ကိုယ်စား​လှယ် အဖွဲ့​ဝင် ၇ ဦး​တို့​ဟာ အစိုး​ရရဲ့​ ပြည်​ထောင်စု အဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​ရဲ့​ ဒုတိယ​ခေါင်း​ဆောင် ဦး​သိန်း​ဇော် ဦးဆောင်တဲ့​အဖွဲ့​နဲ့​ ကရင်ပြည်နယ် ဘားအံမြို့မှာ ​တွေ့​ဆုံခဲ့​ကြတာပါ။

ဒီ​တွေ့​ဆုံမှုမှာ အချက်သုံး​ချက်ကို သ​ဘောတူညီချက် ရရှိခဲ့​တယ်လို့​ ဒီ​ကေဘီ​အေ တပ်ဖွဲ့​က ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

“အပစ်ခတ်ရပ်စဲ​ရေး​ကို ပထမဦး​ဆုံး​တည်​ဆောက်တယ်။ နံပါတ် ၂ က​တော့​ ဆက်ဆံ​ရေး​ရုံး​ ဆက်ဆံ​ရေး​စခန်း​အဖြစ် တည်​ဆောက်တယ်။ နံပတ် ၃ က​တော့​ နယ်​မြေ​တွေကို လက်နက်ကိုင်​ဆောင်ပြီး​ ​ကျော်လွှား​ဖြတ်သန်း​ရင် သတင်း​ပို့​စနစ်နဲ့​ သွား​လာဖို့​ အဲဒါ​တွေ တည်​ဆောက်ခဲ့​တယ်​နော်။”

ဆက်ဆံ​ရေး​ရုံး​ဖွင့်​မယ့်​နေရာ​တွေနဲ့​ ပတ်သက်လို့​လည်း​ ခုလို​ပြောပါတယ်။

“​လော​လောဆယ် အကြမ်း​ဖျဉ်း​က​တော့​ မြဝတီမြို့​ တခုရှိတယ်။ ​နောက် ကျန်တဲ့​ ဆက်သွယ်​ရေး​က​တော့​ ဘယ်မှာပြန်ပြီး​ တည်​ဆောက်မယ်ဆိုတာက​တော့​ အ​သေး​စိတ်မချရ​သေး​ဘူး​နော်။”

အပစ်အခတ်ရပ်စဲမယ့်​ ရက်နဲ့​ပတ်သက်လို့​လည်း​ ခုလိုဆိုပါတယ်။

“ဒီ ၆ ရက်​နေ့​မှာ နိုင်ငံ​တော်က ​ကြေညာမယ်လို့​ ကျ​နော် ထင်တယ်​နော်။”

နိုဝင်ဘာ ၅ရက် စ​နေ​နေ့​မှာ အပစ်အခတ်ရပ်စဲ​ရေး​ ​ကြေညာပြီး​ ၆ရက်​နေ့​မှာ ကရင်ပြည်နယ်တခုလုံး​မှာ အပစ်အခတ်ရပ်စဲသွား​ဖို့​ သ​ဘောတူလိုက်ကြတယ်လို့​ ဒီ​ကေဘီ​အေ​ခေါင်း​ဆောင် ဗိုလ်ချုပ်​စောလဲဘွယ် (​ခေါ်) ဗိုလ်ချုပ် နှုတ်ခမ်း​မွေး​က ​ပြောပါတယ်။

လက်ရှိမှာ​တော့​ ဒီ​ကေဘီ​အေနယ်မှာ အ​ခြေချထား​တဲ့​ အစိုး​ရတပ်​တွေကို ပြန်ရုပ်သိမ်း​ဖို့​ အစိုး​ရက မကြာခင် ထုတ်ပြန်ဖို့​ရှိတယ်လို့​လည်း​ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။

ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေ ကလိုထူး​ဘော တပ်ဖွဲ့​ဟာ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကို ငြင်း​ဆန်ပြီး​ မနှစ်က နိုဝင်ဘာ ​ရွေး​ကောက်ပွဲ​နေ့​ကစပြီး​ အစိုး​ရတပ်ကို စတင်တိုက် ခိုက်ခဲ့​ပါတယ်။

တနှစ်ကြာတဲ့​အချိန်မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ အစိုး​ရဘက်က ကမ်း​လှမ်း​ခဲ့​ပြီး​ အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ အစိုး​ရဘက်နဲ့​ ကရင်ပြည်နယ်ဝန်ကြီး​ရုံး​မှာ ​အောက်တိုဘာ ၂၆ ရက်က ပဏာမ ​ဆွေး​နွေး​ခဲ့​ပါတယ်။ နိုဝင်ဘာလ ၃ ရက် ဒုတိယ ​တွေ့​ဆုံပွဲမှာပဲ အခုလို အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် ရရှိသွား​တာပါ။


0 comments:

Post a Comment