
နယ်ခြားစောင့်တပ်ကို အသွင်ပြောင်းဖို့ ငြင်းဆန်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကာက်ပွဲနေ့ကစပြီး အစိုးရတပ်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တပ်ဖွဲ့က အရာရှိ ၇ ဦး ဒီကနေ့ အစိုးရအရာရှိတွေနဲ့ ဖာအံမြို့မှာ သွားရောက် တွေ့ဆုံနေပါတယ်။
ဒီတွေ့ဆုံမှုဟာ ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပြီး တွေ့ဆုံဆွေးနွေးမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီကေဘီအေ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စောလဘွယ် ခေါ် နှုတ်ခမ်းမွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီကေဘီအေတပ်ဖွဲ့တွေ အစိုးရအရာရှိတွေနဲ့ သွားရောက် တွေ့ဆုံတယ်လို့ ကြားရပါတယ်။ အဲဒါဟုတ်လား။
“ဟုတ်ပါတယ်။ ကျနော်တို့ကို စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းမှုအတွက် အပစ်ခတ်ရပ်ကြဖို့အဆင့် ရရှိဖို့တွေ့ဆုံတာ ဖြစ်ပါတယ်။”
ဘယ်မှာတွေ့ကြတာလဲ။
“ကျနော်တို့က ဘားအံမြို့မှာ တွေ့ကြမှာပါ။ ဒီနေ့ တွေ့ဖို့ရှိပါတယ်။ တွေ့ဆုံပြီးမှ နောက်ပိုင်းမှာ အကြောင်းစုံ ပြန်ပြောပြပါမယ်။”
ဒီတွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်နှုတ်ခမ်းမွေးတို့ဘက်က ဘယ်သူတွေပါမှာလဲ။
“ကျနော်တို့ဘက်ကတော့ ၇ ယောက်တွေ့ပါမယ်။ သူတို့တွေကတော့ ဗိုလ်ချုပ်မိုရှေး၊ ဗိုလ်မှူးစိန်ဝင်း၊ ဗိုလ်မှူးဟီဒို၊ ဗိုလ်မှူး ပိဒါး၊ ဗိုလ်မှူးမောင်လွင်နဲ့ ဗိုလ်မှူးတုံလုံးတို့ ဖြစ်ပါတယ်။
အစိုးရအရာရှိဘက်က ဘယ်သူတွေ ပါမလဲ။
အခုတော့ မတွေ့ရသေးလို့ မသိသေးပါဘူး။ အရင်သိထားတာကတော့ ဦးအောင်သောင်းရယ် ကရင်ပြည်နယ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းရယ် နောက် သိန်းဇော်တို့ ပါမလားတော့ မသေချာသေးပါဘူး။ အတိအကျ သိရမှ ပြောပြပါမယ်။
ဒီတွေ့ဆုံမှုမှာ အဓိက ဘာတွေ ပြောဆိုဆွေးနွေးဖို့ ရှိပါသလဲ။
“ကျနော်တို့ဘက်ကတော့ အဓိက အပစ်အခတ်ရပ်စဲဖို့နဲ့ နယ်မြေ ပြန်လည်ရှင်းလင်းရေးကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့ ဒီကေဘီအေ ကလိုထူးဘော တပ်ဖွဲ့တင် မဟုတ်ဘဲ ကရင်တပြည်နယ်လုံး အပါအ၀င် အားလုံး အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။”
အရင်တခေါက်တုန်းက ဘန်ကောက်မြို့မှာ တွေ့ဆုံကြတယ်လို့ ကြားပါတယ်။ အဲဒါဟုတ်လား။
“ဘန်ကောက်မှာ မဟုတ်ပါဘူး။ ဘားအံမှာပဲ တွေ့ခဲ့တာပါ။ အဲဒီအချိန်တုန်းက ပဏာမသဘော တွေ့ဆုံတာ ဖြစ်ပါတယ်။”
အစိုးရအရာရှိဘက် လာရောက်ကမ်းလှမ်းတာလား။ ဗိုလ်ချုပ်တို့ဘက် သွားကမ်းလမ်းတာလား။
“သူတို့ဘက် အရင်လာရောက်ကမ်းလှမ်းတာပါ။ ဒါကြောင့် ကျနော်တို့လည်း လက်ခံလိုက်တာပါ။ ကျနော်တို့ ဒီလိုမှ မလုပ်ရင် ကျနော်တို့ကို စစ်သွေးကြွတွေ၊ သောင်းကျန်းသူတွေဆိုပြီး ပြောဆိုမှာ ဖြစ်တာကြောင့် သူတို့တွေ့ဆုံဖို့ ကမ်းလှမ်းလာတဲ့ပေါ် ကျနော်တို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့က ကျနော်တို့ရဲ့ အခြေအနေကို တင်ပြတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ ငြိမ်းချမ်းမှုကို လိုလားကြသလို တိုင်းရင်းသားအားလုံးလည်း ငြိမ်းချမ်းမှုကို လိုလားကြတဲ့အတိုင်း ကျနော်တို့အဖွဲ့တွေက ပဏာမ တွေ့ဆုံခဲ့ပြီး ကျနော်နဲ့ ပြန်လာဆွေးနွေးကြတယ်။ အဲတော့ ကျနော်က ဒီတခေါက်သွားတွေ့ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။”
ဗိုလ်ချုပ်နှုတ်ခမ်းမွေး တပ်ဖွဲ့ဝင်တွေက ဘားအံမြို့ အထိ သွားကြရတယ်ဆိုတော့ သူတို့ လုံခြုံရေး ဘယ်သူတာဝန်ယူလဲ။
“သူတို့လုံခြုံရေးရာ အားလုံးကို အစိုးရတပ်ကပဲ တာဝန်ယူပေးထားပါတယ်။”
တကယ်လို့ အစိုးရဘက်က လက်နက်ချဖို့ ပြောဆိုလာမယ်ဆိုရင်ကော ဘယ်လို လုပ်မှာလဲ။
“လက်နက်ချဖို့ကိစ္စနဲ့ ပတ်သက်တဲ့ပြောဆိုမှု ဘာမှ မရှိပါဘူး။ ကျနော်တို့ရဲ့ တောင်းဆိုမှုထဲမှာ ကျနော်တို့ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ ၄ ချက်နဲ့အညီပဲ တောင်းဆို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ တခြားတိုင်းတပါးမှာ ရောက်ရှိနေတဲ့ ကရင်အမျိုးသားတွေအနေနဲ့ ကျနော်တို့အဖွဲ့က တွေ့ဆုံဆွေးနွေးပြီး မိမိအခွင့်အရေး ရရှိရေးတောင်းဆိုနေတဲ့အချိန်မှာ သူတို့တွေ ပြန်လာကူညီ အကြံပြုကြဖို့ တောင်းဆိုပါတယ်။”
လက်ရှိ ဒီကေဘီအေတပ်ဖွဲ့အနေနဲ့ အစိုးရနဲ့ တွေ့ဆုံးနွေးမှု လုပ်နေတဲ့ အပေါ်မှာ ကရင်အမျိုးသားအစည်းအရံး (ကေအန်ယူ)ကကော ဒီကေဘီအေတပ် အပေါ် ဘယ်လို သဘောထားရှိပါသလဲ။
“သူတို့သဘောထားအမြင်ကတော့ ကျနော်တို့နဲ့တူပါတယ်။ ကျနော်တို့အခုလို တွေ့ဆုံမှုက အဆုံးမသတ်သေးပါဘူး။ ရှေ့ဆက်တွေ့ဆုံရဦးမှာပါ။ ကျနော်တို့ အနေနဲ့က ပထမအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ နေရာပြန်ရဖို့ ဆွေးနွေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လာရင်တော့ အားလုံးရဲ့ အမြင်သဘောထားယူပြီး သွားကြရမှာ ဖြစ်ပါတယ်။”
ဒီတွေ့ဆုံမှု လုပ်နေတဲ့ အချိန်မှာပဲ ဗိုလ်ချုပ်တို့ရဲ့ နယ်မြေတ၀ိုက် တိုက်ပွဲဖြစ်နေတာရှိလား။
“အခုတလော တိုက်ပွဲတော့ မရှိတော့ပါဘူး။ အစိုးရတပ်တချို့လည်း ပြန်ဆုတ် သွားတာမျိုးတွေ ရှိပါတယ်။”
ဒီတွေ့ဆုံမှုက ဒုတိယအကြိမ် တွေ့ဆုံမှုပေါ့။
“ဟုတ်ပါတယ်။ သူတို့ဘက်က ကမ်းလှမ်းလာလို့ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က အရင်ကမ်းလှမ်းတာ မဟုတ်ပါဘူး။ သူတို့ဘက်က ငြိမ်းချမ်းရေးလှမ်းနဲ့ ကမ်းလှမ်းတာကြောင့် ကျနော်တို့ဘက်က တွေ့သင့်တယ်လို့ ထင်လို့ တွေ့ဆုံတာ ဖြစ်ပါတယ်။”
တခြားဘာပြောချင်တာ ရှိဦးမလဲ။
“စည်းလုံးညီညွတ်ရေးအတွက် တိုင်းတပါးမှာ ရောက်ရှိနေတဲ့ သူတွေအနေနဲ့ ပြန်လာပြီး ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး မိမိအခွင့်အရေး တောင်းဆိုတဲ့နေရာမှာ အကြံပေးကြဖို့နဲ့ အပစ်ခတ်ရပ်ဖို့ တွေ့ဆုံမှုအပေါ် ဝေဖန်ကူညီအကြံပေးကြဖို့ ဖိတ်ခေါ်ပါတယ်။”
http://burmese.dvb.no/archives/17307
ဒြပ်မဲ့ပုံတူ
11 years ago






0 comments:
Post a Comment