
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေတပ်ဖွဲ့) က ကရင်ပြည်နယ်အတွင်းက အစိုးရစစ်ကြောင်းတခုကို ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။
ကော့ကရိတ်မြောက်ဘက်ခြမ်းက ဝေါ်လေဒေသ နိုဖိုးကလိုးရွာတွေအနီးမှာ အစိုးရတပ် ခလရ ၂၀၃၊ ၂၀၄၊ ၃၁၀ က စစ်ကြောင်းချီလာတာကို မနေ့ နေ့ခင်းက ပြောက်ကျားပစ်ခတ်ခဲ့တယ်လို့ ဒီကေဘီအေပြောခွင့်ရသူ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။
“ကော့ကရိတ် မြောက်ဖက်ခြမ်းမှာ နို့ဖိုးကလိုး ကျေးရွာပေါ့။ ဗမာလိုဆို ဇော်ဟဲဘုန်းကြီးကျောင်းနားမှာ ဖြစ်တယ်။ ပစ်ခတ်မှုက မနက် ၂ နာရီ ၆ မိနစ်ကနေ မွန်းလွဲ ၁နာရီ လောက်ထိ ဖြစ်တယ်။ အသေအပျောက်သတင်းက ပထမမရဘူး။ နောက်တော့ အစိုးရဘက်က လေးယောက်သေပြီး နှစ်ယောက် ဒဏ်ရာရတယ်။”
တာ့အိုးထရွာထဲကို အစိုးရတပ်က ဝင်ရောက်ခဲ့ပြီး ရွာသားပိုင်ပစ္စည်းတွေကို အဓမ္မယူခဲ့တယ်လို့ ဗိုလ်မှူးစန်းအောင် ပြောပါတယ်။
“မနေ့က တာ့အိုးထမှာ ရန်သူက မနက် ၉ နာရီလောက်မှာ ရောက်သွားတော့ ပစ်ခတ်မှုအနေအထားတော့ မဖြစ်ဘူး။ ရွာထဲမှာကျတော့ ပစ်မိန့်မပေးဘူး။ တချို့ရောက်တဲ့ စစ်ကြောင်းတွေက ရွာထဲက ဘုန်းကြီးကျောင်းမှာ ရွာသားတွေကို ခေါ်စုရုံးပြီးတော့ သူများအိမ်က ပစ္စည်းတွေ တော်တော်လေး ယူတယ်လို့ ရွာသားတွေက ပြောတယ်။”
အစိုးရတပ်တွေရဲ့ အခုလို ထိုးစစ်အသွင်စစ်ချီမှုဟာ ဝေါ်လေဒေသကို ထိန်းထားနိုင်တယ်လို့ အထက်ကို အစီရင်ခံချင်လို့ ဖြစ်နိုင်ကြောင်း ဗိုလ်မှူးစန်းအောင်က သုံးသပ်ပါတယ်။
တိုက်ပွဲကြောင့် ရွာသားတွေ ရွာပြင်ကိုခေတ္တ ရှောင်တိမ်းသွားကြတယ်လို့ ဆိုပါတယ်။
အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်က ဩဂုတ်လလယ်ပိုင်းမှာ ညွန်ကြား အကောင်အထည်ဖော်နေပေမယ့် နယ်စပ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
http://burmese.dvb.no/archives/16342
ဒြပ်မဲ့ပုံတူ
11 years ago






0 comments:
Post a Comment