ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသား တပ်မတော်၏ ဆွဲမိုင်းကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးနှင့် အရပ်သား ၅ ဦး မြဝတီမြို့နယ်တွင် ယနေ့ မိုင်းထိသွားသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရွာအနီး ခြေလျင်တပ်ရင်း ၃၅၅ နှင့် ၃၅၆ အကြား မြဝတီ-ကော့ကရိတ်လမ်းပေါ်သို့ နယ်ခြားစောင့်တပ် ၁ဝ၂၂ ဒုရင်းမှူး ဗိုလ်ကင်မရာမင်း လိုက်လာသော ပစ်ကပ်ကား ဖြတ်မောင်းစဉ် ဒီကေဘီအေတပ်ဖွဲ့ဝင်များက မိုင်းခွဲလိုက်သည်ဟု ဒီကေဘီအေ ကလို့ထူးဖော ဗျူဟာစစ်ဆင်ရေးမှူး ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။
ဗိုလ်မှူးစောဆန်းအောင် ပြောကြားသော အသံဖိုင်
ဗိုလ်ကင်မရာမင်း၊ သူ့ဇနီးနှင့် နယ်ခြားစောင့်တပ်သား ၄ ဦး၊ ခရီးသည် ၄ ဦး ဒဏ်ရာရသွားသည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မျက်မြင်သက်သေများက ဆိုသည်။
“လူတော့မသေဘူး။ မိုင်းစတွေမှန်ပြီး ခြေထောက်နဲ့ လက်တွေ၊ ပုခုံးတွေထိကုန်တယ်” ဟု BGF တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။
ဒဏ်ရာရသူအားလုံးကို မြဝတီဆေးရုံသို့ ချက်ချင်းပို့ပြီး ဗုံးပေါက်ကွဲသံကြောင့် အနီးက စစ်တပ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ နောက်ဖက်တောတန်းထဲသို့ ပစ်ခတ်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။
မိုင်းထောင်သူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
စစ်အစိုးရက မြဝတီမြို့နယ်အတွင်း နယ်ခြားစောင့်တပ်များနှင့်ပေါင်း၍ လက်နက်အင်အား ဖြည့်ဆည်းနေချိန် ဖြစ်သဖြင့် လက်နက်များကိုင်လာသည့် နယ်ခြားစောင့်တပ်ကားကို တိုက်ရသည်ဟု ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။
“ရန်သူက ကျနော်တို့ဒေသကို အင်အားကြီးနဲ့ စီးနင်းဝင်လာတယ်နော်။ အဲဒါကြောင့် ကျနော်တို့ကလဲ မင်းတို့နောက်ကျောကနေ အချိန်မရွေး ဓားနဲ့ထိုးနိုင်တယ်ဆိုတာ သက်သေပြလိုက်တယ် အဲဒါပဲ” ဟု သူက မဇ္ဈိမကိုပြောသည်။
ယခု မြဝတီ-ကော့ကရိတ်လမ်းတွင် ယာဉ်မဖြတ်သန်းရန် စစ်တပ်က ပိတ်ထားသည်။ ပေါက်ကွဲမှု ဖြစ်ချိန်တွင် ကားပေါ်က နယ်ခြားစောင့်တပ်သားများ လက်နက်ခဲယမ်းအပြည့် ကိုင်ထားသည်ကို တွေ့ရကြောင်း မြို့ခံများကပြောသည်။
“ကျနော်တို့ရည်ရွယ်ချက်က ဒီလိုမြို့ပေါ်တွေမှာ အချိန်မရွေး ကျနော်တို့ လုပ်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာ။ နေ့လယ်ကြောင်တောင်ပဲဖြစ်ဖြစ် ညဖြစ်ဖြစ် ဖြစ်နိုင်မယ်ဆိုလို့ရှိရင် လူထုကို မသက်ညှာဘူးဆိုရင် ဒိထက် အကြီးအကျယ် ဝင်လုပ်လို့ရတယ်။ အခုဟာ မြို့နေလူထုတွေ မြေဇာပင်ဖြစ်မှာစိုးလို့ အဲလောက်ထိ မလုပ်ရက်သေးတာ” ဟု ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
ယခုလ ၇ ရက်ကလည်း မြဝတီ-ကော့ကရိတ်လမ်းပေါ်တွင် ဒီကေဘီအေ၏ အလားတူ ဆွဲမိုင်းထောင် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
မြဝတီ-ကော့ကရိတ်လမ်းမှာ ထိုင်းနိုင်ငံမှ မော်တော်ကား၊ ဆိုင်ကယ်နှင့် လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အဝတ်အထည်များ တင်သွင်းရာ လမ်းကြောင်းတခုဖြစ်ပြီး နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည်။
ယခင် အပစ်ရပ် ဒီကေဘီအေများကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းသောအခါ အချို့က လက်မခံဘဲ စစ်အစိုးရကို ပြန်တိုက်နေသည်။
ကော့ကရိတ်နှင့် မြဝတီမြို့နယ်များတွင် DKBA-KNU ပူးပေါင်းတပ်များနှင့် စစ်အစိုးရတပ်များအကြား မနှစ် နိုဝင်ဘာ ၈ ရက်မှ စကာ တိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေသည်။
http://mizzimaburmese.com/news/inside-burma/6723-2011-01-14-14-44-07.html
ဒြပ်မဲ့ပုံတူ
10 years ago
0 comments:
Post a Comment