Wednesday, January 12, 2011

ဖလူးဒေသတိုက်ပွဲအတွင်း နအဖနှင့် ဒီကေဘီအေ နှစ်ဘက်စလုံး အထိအခိုက်ရ

နော်အီဏီ(ဇန်နဝါရီ-၁၁)။ ။ဖလူးဒေသအတွင်း တပ်ခေါ်ကျိုးတောင်နှင့် တပ်ခေါ်ကျိုးတောင်ဘက်ခြမ်းတွင်ရှိသော လေးဒေးတောင်တွင် မနေ့က နအဖ စကခ (၁၂) လက်အောက်ခံတပ်များနှင့် ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေး လက်အောက်ခံတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒီကေဘီအေ ဘက်မှပြောပါသည်။

“မနေ့က ဒီဖလူးဒေသအတွင်းမှာပဲနော် ၊ တပ်ခေါ်ကျိုးတောင်ကျောရဲ့ တောင်ဘက်ခြမ်းလောက်မှာ ရှိတဲ့ လေးဒေးတောင်မှာ ဗိုလ်ကျော်သက် ဦးဆောင်တဲ့အဖွဲ့နဲ့ နအဖတို့ တိုက်ပွဲဖြစ်တယ်နော်၊ တိုက်ပွဲက ပြင်းထန် တယ်၊ နအဖဘက်ကအထိအခိုက်များတယ်နော်၊ ကျနော်တို့ဘက်ကလည်း အထိအခိုက်ရှိတယ်” ဟု ဒီကေဘီအေ စစ်ဆင်ရေးမှူး စောဆန်းအောင်က ပြောသည်။

ညနေ (၅)နာရီဝန်းကျင်တွင် ပစ်ခတ်မှု ရပ်စဲသွားပြီး အချို့နအဖရဲဘော်များ တပ်ဆုတ်သွားသည်။ နအဖ ဘက်က ထိခိုက်ဒါဏ်ရာရသော ရဲဘော်များကို ညဘက်တွင် ကားဖြင့်လာရောက်ကြိုသွားသည်ဟု မင်းလက်ပံ ရွာသားတစ်ဦး ကပြောပါသည်။

“ မနေ့ညကပေါ့ နအဖဘက်က ဒါဏ်ရာရတဲ့လူတွေကို ကားနဲ့လာကြိုတယ်လို့ကြားတယ်၊ ဘယ်လောက်များများ ဒါဏ်ရာရလဲမသိဘူး၊ ညပိုင်းဆိုတော့ မတွေ့ရဘူးလေ ၊ ဒီနေ့နေ့လည်တုန်းကလည်း ဖလူးလေးဘက်မှာ လက်နက်ကြီးသံကြားနေတယ် ၊ အခုထိပဲ”

အချို့ ဒါဏ်ရာပြင်းထန်သော လူနာများကိုပင် မြ၀တီဆေးရုံသို့ပို့ရန် ကားဖြင့်လာကြိုသည်ဟု ရွာသား များကဆိုပါသည်။ ဒါဏ်ရာအနည်းအကျဉ်းသာ ရသော သူများကိုတော့ ဖလူးလေး ရွာ၌ပင် ဆေးကုထားသည်ဟု ဖလူးလေး ရွားသားတစ်ဦးက ပြောပါသည်။

“သူတို့လူနာတွေကို ဒီကျနော်တို့ဖလူးလေး ဘုရားကျောင်းရဲ့ အရှေ့က အိမ်ကြီးကြီး နှစ်လုံးမှာ ထားထားတယ်၊ အဲဒီမှာ လူနာရော ဆရာဝန်တွေရောရှိတယ်၊ မနက်ကတောင် ဆရာဝန် ထပ်မှာတယ် ကြားတယ်”

နအဖ တပ်များသည် ရိက္ခာပြတ်လပ်နေသော ဝေါ်လေရှိမိမိတို့၏ တပ်စခန်းများသို့ အင်အားအလုံးအရင်းနှင့် ချီတက်လာသော်လည်း ဒီကေဘီအေ၏ ထိုးစစ်ဆင်မှုကြောင့် ဝေါ်လေရွာသို့မရောက်ပဲ နောက်ပြန်ဆုတ် ရသည်မှာ အကြိမ်များစွာရှိပြီဟု ဒီကေဘီအေ ဘက်မှပြောပါသည်။

http://www.kaowao.org/b/2011news-january-11b.php

0 comments:

Post a Comment