Friday, October 1, 2010

ဒီကေဘီအေ ဥက္ကဋ္ဌ ရွေးကောက်ပွဲဝင်

မကြာသေးမီကမှ စစ်အစိုးရ၏ လက်အောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလိုက်သည့် ဒီကေဘီအေတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးစောသာထူးကျော်သည် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဘားအံမြို့တွင် နေထိုင်သည့် ကေအန်ယူ တပ်ဖွဲ့ဝင်ဟောင်းတဦးက “ကရင်ပြည်နယ်မှာ ကရင်ပါတီဆိုလို့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ တခုတည်း ရှိတယ်။ ဒါနဲ့ အစိုးရက ဒီကေဘီအေ ဥက္ကဋ္ဌ ဦးသာထူးကျော်ကို ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ခိုင်းတယ်။ ပထမပိုင်းမှာ သူတို့ နယ်ခြားစောင့်တပ် ဖွဲ့နေတာနဲ့ ဘာမှ မလုပ်အားဘူး။ အမတ်လောင်းစာရင်း တင်တဲ့ရက် ကုန်ခါနီးမှ ပါတီ မှတ်ပုံတင်ခွင့်ကျတယ်။ သူတို့ကို အစစအရာရာ အစိုးရပိုင်းက ကူညီပံ့ပိုးပေးတော့ ပါတီတခုအနေနဲ့ ရပ်တည်နိုင်သွားတာပေါ့။ ဘားအံ ကမ်းနားလမ်းမှာ ရုံးဖွင့်ထားတယ်” ဟု ပြောသည်။

ဦးစောသာထူးကျော် ခေါင်းဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည် ဒီကေဘီအေ ခေါင်းဆောင်အချို့အပြင် ယခင် ကေအန်ယူ တပ်မဟာ (၆၊ ၇) တွင် အဆင့်မြင့်တာဝန်များ ယူခဲ့ပြီး နောက်ပိုင်း ခွဲထွက်အဖွဲ့များတွင် ပါဝင်သူ အများအပြားဖြင့် စုစည်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါတီမှ အမတ်လောင်းများအဖြစ် ဦးစောသာထူးကျော်က ကရင်ပြည်နယ်လွှတ်တော်အတွက် လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ၊ ဦးမန်းအောင်တင်မြင့်က အမျိုးသားလွှတ်တော်အတွက် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂)၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဦးစောအောင်ငွေက အမျိုးသားလွှတ်တော်အတွက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄)၊ လှိုင်းဘွဲ့မြို့နယ်မှ ဦးစောချစ်လှိုင်က ကရင်ပြည်နယ် လွှတ်တော်အတွက် မြဝတီမြို့နယ် မဲဆန္ဒနယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

မူလက လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် ကရင်အမျိုးသားပါတီ (၃) ပါတီသာ ရှိပြီး အဆိုပါ ပါတီများအနက် ၁၉၉ဝ လက်ကျန် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်သည် အမတ်လောင်း (၃) ဦး မတင်နိုင်သည့်အတွက် ဖျက်သိမ်းခံလိုက်ရသည်။

ကရင်ပြည်သူ့ပါတီကိုမူ နအဖစစ်တပ်မှ ရေတပ်ကွန်မန်ဒါဟောင်း၊ ဒု-တိုင်းမှူးဟောင်း၊ ပြည်နယ် ရဲမှူးဟောင်းများက ခေါင်းဆောင်ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်မှအပ အခြား တောင်ငူ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး အဆိုပါ ပါတီကို စစ်အစိုးရက စနစ်တကျ ဖွဲ့စည်းတည်ထောင်ရန် တာဝန်ပေးထားကြောင်း ရန်ကုန်တွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသည်။

ကရင်ပြည်နယ်တွင်မူ စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ လုပ်ကိုင်နေသော ဖလုံ- စဝေါ် ပါတီတခုသာ ရှိသည့်အတွက် စစ်အစိုးရက ဒီကေဘီအေ ခေါင်းဆောင်ဟောင်းကို ပါတီဖွဲ့ရန် စေခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဘားအံမြို့တွင် ဝေဖန်ပြောဆိုနေကြသည်။

အဆိုပါ ပါတီသည် စစ်အစိုးရ ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ထားသည့်အတွက် ၎င်းတို့ အမတ်လောင်း ယှဉ်ပြိုင်ရာ နေရာတို့တွင် ကြံ့ဖွံ့အမတ်လောင်း အမည်စာရင်း တင်သွင်းခြင်း မရှိပေ။

အချို့ အမတ်လောင်းများ၏ မဲဆန္ဒနယ်တွင် အခြားမည်သည့်ပါတီကမှ မယှဉ်ပြိုင်ခြင်းကြောင့် အလိုအလျောက် အမတ်လောင်း ဖြစ်သူလည်း ရှိကြောင်း ဘားအံခရိုင် ကော်မရှင်ရုံးမှ စုံစမ်းသိရသည်။

ကရင်ပြည်နယ်တွင် မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၆) နယ်မြေ ရှိပြီး ဖလုံစဝေါ် ဒီမိုကရက်ပါတီက ကိုယ်စားလှယ်လောင်း (၁၇) ဦးနှင့် ဦးစောသာထူးကျော်တို့၏ ပါတီက အမတ်နေရာ (၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

http://www.khitpyaing.org/index.php?route=detail&id=4913

0 comments:

Post a Comment