Monday, June 28, 2010

ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော

ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်၊ သတ်ဖြတ် မှုများကို မပြုလုပ် တော့ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ အမှတ် (၉၉၉) တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက ကရင်ပြည်သူများကို ပြောကြားလိုက်သည်။


ကရင် ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကို ကျေးရွာတွင် တိုက်ပွဲ များကြောင့် သေဆုံး ခဲ့သော DKBA ခေါင်းဆောင် များနှင့် တပ်သား များအား အောက်မေ့ ဂုဏ်ပြုသော အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ကျင်းပရာ ဗိုလ်မှူးကြီး စောချစ်သူက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ယင်း အခမ်း အနားသို့ သွားတက်ခဲ့သူ ဦးမန်းက ဧရာဝတီသို့ ပြောသည်။

“ကရင် အမျိုးသား အချင်းချင်း တိုက်ခိုက် ပြီးတော့ ကျဆုံးရတာကို မြင်ရတာ သူစိတ် မကောင်း ဘူးတဲ့။ သူ့အနေနဲ့ ဆက်လက် ပြီးတော့ အဲဒီလို အချင်းချင်း သတ်ဖြတ်မှု၊ အချင်းချင်း တိုက်ခိုက်မှု တွေကို မလုပ်တော့ ပါဘူးလို့တော့ ပြောသွားတယ်” ဟု ဦးမန်းက ဆိုသည်။

ဗိုလ်မှူးကြီး စောချစ်သူ၏ ပြောကြားချက်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက ကြိုဆိုလိုက်သည်။

“ပြည်သူတွေကို တိုင်တည်ပြီးတော့ ပြောတဲ့အခါကျတော့ ပြည်သူတွေက အားလုံး စောင့်ကြည့်နေမှာပဲ။ ကျနော်တို့ကတော့ ဒီလိုမျိုးပြောတာ ကောင်းသောပြောခြင်းပဲ၊ ဒါဟာ ကောင်းတဲ့ ဆန္ဒသဘောထားတွေပဲ၊ ကျနော်တို့ ကြိုဆိုပါတယ်။ တကယ်တမ်း အကောင်းအထည် ဖော်နိုင်အောင် ကြိုးစားသွားကြဖို့ပဲ လိုတယ်” ဟု ဖဒို စောလှငွေက ဆိုသည်။

ယင်း အခမ်းအနားသို့ DKBA တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျေးရွာ ဥက္ကဋ္ဌများ အပါအ၀င် လူဦးရေ တသောင်းကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုရှိ အမှတ် (၉၉၉) တပ်ရင်း အခြေစိုက် စစ်ဗျူဟာ အထူးတပ်ရင်း (၁၀၁) ၏ နယ်မြေတခု၌ ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက်ပိုင်း သေဆုံးခဲ့သော ခေါင်းဆောင်များနှင့် တပ်သားများကို ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပပေးခြင်း ဖြစ်သည်။ ယင်း နယ်မြေ တွင် အုတ်ဂူပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ယင်းသို့ ခွဲထွက်ပြီးနောက် DKBA သည် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်လာသည်။

စစ်အစိုးရက တောင်းဆိုသော နယ်ခြားစောင့် တပ်ဖွဲ့ရေး ကိစ္စကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန် လိုသူများ လည်းရှိကြောင်း သိရသည်။

DKBA အပေါ် သြဇာညောင်းသည့် ဆရာတော် ဦးသုဇနသည်လည်း နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံဟု DKBA အဖွဲ့ဝင် တချို့က ဆိုသည်။

သို့သော် DKBA ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဋ္ဌ ဦးသာထူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများနှင့် ရောယှက်ဖွဲ့စည်းရမည်ကို လက်မခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များမှ သိရသည်။


ဧရာဝတီ သတင်းဌာနမှထပ်ဆင့်ကူးယူဖော်ပြသည်။

1 comments:

William phan said...

ကရင်အချင်းချင်းတိုက်တဲ့ပွဲဆိုတာ နအဖက တမင်လွှင့်တာပါ။ တကယ်တော့မဟုတ်ပါဘူး။ ဟိုလူတွေပြောသလို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ပေးတာပါ။ ရည်ရွယ်ချက်ကတော့ ကရင်မျိုးဖြုတ်ရေးပါ။ ပဒေသရာဇ်ခေတ်က စဖြုတ်က မပြုတ်လို့ တော်သေးတာပေါ့။ အခု ကရင် သူရဲကောင်းမောင်ချစ်သူနဲ့တွေ့တော့ နအဖက သိပ်သဘောကျသွားတာပေါ့။ ချက်လိုက်စမ်း၊ ကြော်လိုက်စမ်းပေါ့။ ယုံလိုက်နော် မျိုးဖြုတ်ရေးအစီအစဉ်ပါ။

Post a Comment