Monday, May 24, 2010

ကရင်အမျိုးသားများ သွေးစည်းကြရန် ဗိုလ်မှူးကြီးနယ်ဒါးမြ ပြောကြား

ရဲရင့် / ၂၄ မေ ၂၀၁၀





ကရင်အမျိုးသားထုအတွင်း အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရာတွင် ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက် အဖွဲ့အစည်းများကို ဥပက္ခာပြု၍မရဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးကြီးနယ်ဒါးမြက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ကျင်းပခဲ့သည့် နိုင်ငံတကာရောက် ကရင်များ တက်ရောက်ကြသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။

စောနယ်ဒါးမြက “ကေအန်ယူတည်ရှိနေသရွေ့ ဒီကေဘီအေလည်း ဆက်ရှိနေမှာပဲ။ ရန်သူက ကေအန်ယူကိုတိုက်ဖို့ ဒီကေဘီအေကို ဆက်ပြီးထားရဦးမှာပဲ။ ကေအန်ယူမရှိရင်တော့ ရန်သူက ဒီကေဘီအေကို ဘယ်နည်းနဲ့မှ ထားမှာမဟုတ်ဘူး။ ဒါကြောင့် အမျိုးသားသွေးစည်းညီညွတ်ဖို့အတွက် အမြင်သဘောထားတွေကြီးဖို့ အရေးကြီးတယ်။ ဒါတွေကို ကရင်တွေအားလုံး သတိထားကြရမယ်” ဟု ပြောသည်။

နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကလည်း ဒီကေဘီအေအဖွဲ့အပါအ၀င် အခြားကရင်ခွဲထွက်အဖွဲ့များနှင့် ညီညွတ်မှုရရှိရေး ကြိုးပမ်းကြရန် သဘောတူညီခဲ့ကြသည်။

အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်တဦးဖြစ်သူ မန်းရောဘတ်ဇန်က “ဒီကေဘီအေကို လုံးဝပစ်ပယ်ထားလို့မရဘူး။ သူတို့ဟာ ကျနော်တို့ရဲ့သွေးသားအရင်းအချာတွေဖြစ်တယ်။ တချိန် ပြန်လည်ပေါင်းစည်းကြမှာ သေချာတယ်” ဟု ပြောကြားသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၅) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲက အမျိုးသားထုအတွင်း အမြင်ကွဲပြားခြားနားသော်လည်း ရည်မှန်းချက်တူညီသည့်အတွက် တဦးနှင့်တဦး တဖက်နှင့်တဖက် မတူညီသည့် အမြင်သဘောထားများကို အလျှော့အတင်းလုပ်ကာ ညီညွတ်ရေး တည်ဆောက်ရမည်ဟု ပြောဆိုသည်။

(၅) ရက်ကြာ ကျင်းပခဲ့သည့် နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်း (၃၇) ဖွဲ့မှ ကိုယ်စားလှယ်နှင့် လေ့လာသူ (၁၀၃) ဦး တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကာ ကေအန်ယူ၏ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများကို ကူညီရန် သဘောတူခဲ့ကြသည်။


ခေတ်ပြိုင်မှကူးယူဖော်ပြသည်။

0 comments:

Post a Comment