Friday, May 7, 2010

နအဖစစ်အုပ်စုနှင့် ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့များသို့

ရေးသားသူ- ဖူးကီးဒို(မန်းရောဘတ်ဇန်)












နအဖစစ်အုပ်စုနှင့် ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။
ဒီပန်ကြားချက်ကို မျှော်လင့်ချက်ကြီးစွာနဲ့ ရေးသားရခြင်း ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးစွာလို့ ရေးသားရခြင်းမှာ အောက်ပါမျှော်လင့်ချက်များကြောင့် ဖြစ်ပါတယ်။
(က) ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးက ဒီစစ်ဟာ အစနဲ့အဆုံးနဲ့ဖြစ်တယ်လို့ မိန့်ကြားခဲ့ တယ်။ ရဲဘော်တို့ သိထားပြီး ဖြစ်ပါတယ်။ ဒီစစ်ပွဲကို ကျနော်တို့ စတိုက်တာ မဟုတ်ပါဘူး။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်ပြီး ကရင်တမျိုးသားလုံးရဲ့ ဆန္ဒကို ဖော်ပြတဲ့အနေနဲ့ ပိုစတာ(၄)ချက်ကိုင်စွဲပြီး ပြည်လုံးကျွှတ်အသံ တိတ်ဆန္ဒပြတယ်။ ရဲဘော်တို့ မှတ်မိကြမယ်လို့ ထင်တယ်။ ဒီပိုစတာ (၄)ချက်က ဘာလဲဆိုတော့။

(၁) ကရင်ပြည်ချက်ချင်းပေး
(၂) ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ။
(၃) လူမျိုးရေးအဓိကရုန်း အလိုမရှိ။
(၄) ပြည်တွင်းစစ်အလိုမရှိလို့ ပိုစတာ(၄)ချက်က ဖော်ပြတယ်။

ကျနော်တို့ ကရင်တွေ အဲဒီတုန်းက ညီညွတ်လိုက်ကြတာများ လူဦးရေ (၅)သိန်းလောက် တပြည်လုံး ဆန္ဒပြကြတယ်၊ ကရင်အမျိုးသားလွတ်လပ်ရေး လိုချင်ကြောင်း၊ တန်းတူရေး လိုချင်ကြောင်း၊ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး လိုချင်ကြောင်း၊ ငြိမ်းချမ်းရေး လိုချင်ကြောင်း တခဲနက်ဖော်ပြကြတယ်။

ကျနော်တို့ လိုလားချက်တွေကို အေးအေးချမ်းချမ်းမပေးခဲ့ကြဘူး။ ကရင်ဗိုလ်ချုပ်ကြီး(စမစ်ဒွန်း)ကို ဖြုတ်ထုတ်ပြီး ကရင်ကို အစိတ်သားကောင်တောင် မထားနဲ့၊ ကရင်ကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် မျိုးဖြုတ်ပစ်ဆိုတဲ့ စိတ်ထားရှိတဲ့ တက်သစ်စ စစ်ဦးစီးချုပ် (ဗိုလ်နေ၀င်း)ဟာ၊ စစ်ရေးစွမ်းရည်တွေ ပြလာပါတော့တယ်။

၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့မှာ အလုံကရင်ရပ်ကွက်ကို စတင်တိုက်ခိုက်ကြတယ်။ တဆက်ထဲ (ခ၀ဲခြံ)ကရင်ရပ်ကွက်ကို ဆက်တိုက်တယ်။ ဇန်န၀ါရီ(၃၁)ရက်နေ့မှာ အင်းစိန်ရှိ ကရင်အမျိုးသားများကို ဆက်လက်တိုက်ခိုက်လာတော့တယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး၊ ကရင်လူမျိုးတည်တံ့ရေးတို့အတွက် ကရင်တမျိုးသားလုံးမှာ တာဝန်ရှိလာတဲ့အတွက် မြတ်တရားတဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွဲကြရတယ်ဆိုတာ ရဲဘော်တို့ သိထားပြီး ဖြစ်ပါတယ်။

၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့က စတင်ဖြစ်ပွားတဲ့ ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၀ပြည့်ပါတော့မယ်။ ဒီခုခံတော်လှန်စစ် နှစ်ပေါင်း (၆၀)အတွင်း ကျနော်တို့သွေးသားတွေ၊ မျိုးချစ်တွေ၊ သူရဲကောင်းတွေ အထောင်အသောင်း ကျဆုံးကုန်တယ်။ ဒုက္ခိတတွေ ဖြစ်ကုန်တယ်။ ဒီလိုကျဆုံးကြတဲ့ ကရင့်သူရဲကောင်းတွေကို ရဲဘော်တို့ သတိရအုံးမှာပါ။ ဟိုးတောင်ငူ(သောသီခို)က ဘိတ်၊ထားဝယ်ရှိ မြင့်မိုလက်ခတောင်တလျှောက်၊ ဒို့အမျိုးသားရန်သူတွေကို တက်ညီလက်ညီတိုက်ခဲ့ကြတာ ရဲဘော်တို့ မေ့ကြမယ်မထင်ဘူး။ မိုးကာတခုအောက်မှာ အတူအိပ်ခဲ့ကြတာတွေ ထမင်းတပန်းကန်ထဲစားခဲ့ကြတာတွေကို ခုအထိ မြင်နေမိတယ်။

(ငါးခူဟာငါးခူပဲ၊ ငါးရံ. မဖြစ်လာနိုင်သလို)ဘယ်နေရာပဲရောက်ရောက်၊ ဘာပဲဖြစ်ဖြစ် (ကရင်ဟာ ကရင်ပဲ ဖြစ်ပါတယ်) တခြားလူမျိုးကရင်ကို ချစ်တယ်ဆိုတာ ကရင်အချင်းချင်းမုန်းသလောက်ပဲ ရှိပါတယ်။ ကျနော်တို့ ကရင်ညီအစ်ကိုတွေ တယောက်နဲ့ တယောက်ခွင့်လွတ်ကြပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲလမ်းမကြီးပေါ် လျှောက်လှမ်းဖို့ မျှော်လင့်တကြီးနဲ့ စောင့်နေမယ်။
ပြန်လာကြနော်။

နအဖစစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ၎ချက်ကို ရဲဘော်တို့ ကိုင်စွဲထားဆဲလို့ ရဲဘော်တို့ ပြောကြတယ်။ ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ ဒီ(၄)ချက်ကို မမေ့ရအောင် ထပ်လောင်းဖော်ပြလိုက်ပါတယ်။
(၁)ကရင်တွေ လက်နက်ချစကား မပြောရ။
(၂)ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃)ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။
(၄)ကရင်ပြည်ကို အသိအမှတ်ပြုရမယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော်တို့ နအဖစစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ (၁၅)နှစ် ရှိသွားပြီး ဖြစ်ပါတယ်။ ကရင်အမျိုးသားခေါင်းဆောင်ကြီး ချပေးခဲ့တဲ့ မူ(၄)ချက်ထဲက တခုခုရရှိခဲ့သလားဆိုတာ မေးချင်ပါတယ်။ ကရင်အမျိုးသားများရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ကရင်ပြည်ရရှိခဲ့ပြီးလား။ ကရင်အမျိုးသားများရဲ့ ကံကြမ္မာ ကရင်တွေ ဖန်တီးခွင့် ရှိကြပြီးလား။

ဒီ(၁၅)နှစ်အတွင်း ခေါင်းဆောင်ပိုင်းတွေ ကျိကျိတက် ချမ်းသာလာကြတယ်။ ကိုယ့်ကရင်တွေ ချမ်းသာလာလို့ ၀မ်းသာကြည်နူးရပါတယ်။ ကိုယ့်ကြမာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ကရင်ပြည်သာရမယ်ဆိုရင် ဘယ်လောက်ဝမ်းသာကြည်နူးဖို့ ကောင်းလိုက်မလဲနော်။

၂၀၁၀နောက်ပိုင်း ဒီကေဘီအေဆိုတဲ့ အမည်တွေ၊ အလံတွေ ပျောက်ပြီး နယ်ခြားစောင့်အဆင့်နဲ့ အခိုင်းခံဘ၀ရောက်ရတော့မယ်၊ ကိုယ့်ကြမာကိုယ်ဖန်တီးခွင့်ပျောက်ပြီး သူ့ကြမ္မာသူဖန်တီးယူတော့မှာဖြစ်တယ် ရဲဘော်တို့။ (ကရင့်သိက္ခာ၊ ကရင့်တန်ဘိုး)ငွေသာရှိပြီး (သိက္ခာမရှိနဲ့တန်ဘိုး) မဲ့နေရင် အသက်ရှင်လျှက် လေဖြတ်ပြီး ကိုယ်တခြမ်းသေနေတာနဲ့ တူနေပါပြီး။

ကရင့်သိက္ခာနဲ့ ကရင်တန်ဘိုးဆိုတာ ကိုယ့်ပြည်ကိုယ့်အစိုးရနဲ့ နေနိုင်မှ၊ သူ့ကျွှန်ဘ၀က လွတ်မြောက်မှ လူ့သိက္ခာ၊ လူ့တန်ဘိုးရှိတာ ဖြစ်တယ်။ တိုင်းပြည်မရှိတဲ့လူမျိုးဟာ ကျွှန်ဖြစ်တယ်။လို့ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါဒကို ရဲဘော်တို့ မမေ့သေးဘူးလို့ ယူဆပါတယ်။

၂၀၁၀နောက်ပိုင်း ရဲဘော်တို့ နအဖစစ်အစိုးရရဲ့ စစ်ကျွှန်ဘ၀လုံးလုံးရောက်သွားကြတော့မယ်။ အခုလောက်လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့် ရပါ့အုံးမလား။ ကိုယ့်ကရင်လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့် ရှိပါ့ဦးမလား။ ကရင်နှစ်သစ်ကူးနေ့ကို ယခင်ကလို လွတ်လပ်စွာလုပ်ပိုင်ခွင့် ရပါ့ဦးမလား။

နအဖစစ်အုပ်စုရဲ့ (၄)လပတ်အစည်းအဝေးတခုမှာ နအဖစစ်အုပ်စုရဲ့ နံပါတ်(၁)ရန်သူဟာ (ကရင်)ဖြစ်တယ်။ ပြည်ပနံပါတ်(၁)ရန်သူဟာ ထိုင်းဖြစ်တယ်ဆိုတာ သိရတယ်။ ကရင့်တော်လှန်ရေးကို ဖြိုခွဲရာမှာ ရဲဘော်တို့ကို ဆက်လက်အသုံးချနေဦးမှာဖြစ်တယ်ဆိုတာ သိထားစေချင်တယ်။ ကရင်အချင်းချင်းပြန်သတ်ခိုင်းအုံးမှာ ဖြစ်တယ်။ ရဲဘော်တို့ကို ရှေ့က တက်ခိုင်းပြီး သူတို့က ကျည်လွတ်မြောက်ရာကနေ လက်နက်ကြီးနဲ့ ကူသတ်ပေးလာမယ်ဆိုတာ မြင်ထားတယ်။

နောက်တခေါက်မှ ဆက်ရေးပါအုံးမယ်။ ကရင်ခေါင်းဆောင်တွေဖြစ်တဲ့ စောဟန်တာသာမွေး၊ စောဝေသော၊ စောဝေရီကျော်၊ ဗိုလ်ချုပ်အုံးဖေ၊ ဗိုလ်မှူးချုပ်လင်းထင်တို့လို မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ကရင့်လွတ်လပ်ရေးအတွက် တတပ်တအားထမ်းဆောင်နိုင်ပါစေလို့ မျှော်လင်ချက်------
ကရင့်အလံတော်အောက် လာရောက်စုရုံးနိုင်ပါစေ။
ကရင်နှစ်သစ်ကူးပွဲတော်တွေ စုပေါင်းကျင်းပနိုင်ကြပါစေ။
ကရင့်လွတ်လပ်ရေး အတူရယူနိုင်ပါစေလို့ ဆုတောင်းပါတယ်။

တချိန်က သင်တို့နဲ့အတူ စစ်မြေပြင်မှာ ရန်သူကို ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တဲ့ သင်တို့ရဲ့ရဲဘော်
ဖူးကီးဒို(မန်းရောဘတ်ဇန်)
ပေးစာကို ပေးပို့ပေးတဲ့ ဖူးကီးဒို(မန်းရောဘတ်ဇန်)အား အထူးကျေးဇူးတင်ရှိလျှက်

အဲခေါင်သောင့် ဘလော့ဂ်မှထပ်ဆင့်ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment