Friday, April 9, 2010

နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက်

နအဖနှင့်ပူးပေါင်းထားသည့် ကရင်အဖွဲ့များအားလုံး ယခုနှစ်လည်မတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှုကို လက်မခံပါက အခြေအနေဆိုးများနှင့် ရင်ဆိုင်ရမည်ဟု နအဖက ပြောဆိုကြောင်း ကရင်အပစ်ရပ်အဖွဲ့တခု၏ အဆင့်မြင့်ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “လာမယ့် ဇွန်လကုန်မှာ ကရင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အပြီးအသွင်ပြောင်းမှာ ဖြစ်တယ်။ ဒါကို လုံးဝလက်မခံနိုင်ဘူးလို့ ဗိုလ်ဌေးမောင်ဦးဆောင်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က တရားဝင် ကြေညာချက် ထုတ်ထားတာနဲ့ပတ်သက်ပြီးတော့ နအဖဘက်က ဒီအဖွဲ့ကို ခြိမ်းခြောက်ထားတယ်လို့ သိရတယ်။ ဗိုလ်ဌေးမောင်က အသာတကြည် လက်မခံလို့ကတော့ ဒီကိစ္စ သွေးမြေကျမှုတွေ အများကြီးဖြစ်ဖို့ရှိတယ်” ဟု ပြောသည်။

နအဖ၏ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗိုလ်ဌေးမောင်ကို ယခုရက်ပိုင်းအတွင်း လာရောက်တွေ့ဆုံရန် ဆင့်ခေါ်သည်ကို ဗိုလ်ဌေးမောင်က လက်မခံဘဲ ကျန်းမာရေး အကြောင်းပြကာ ငြင်းပယ်ခဲ့သည့်အတွက် နအဖဘက်မှ ယခုကဲ့သို့ ခြိမ်းခြောက်မှု ပြုလုပ်လာခြင်းဖြစ်သည်ဟု အဆိုပါခေါင်းဆောင်က ဆက်ပြောသည်။

နအဖတာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ်ကိစ္စ ဆက်လက်ဆွေးနွေးရန် ဆန္ဒမရှိတော့သဖြင့် ဗိုလ်ဌေးမောင်သည် ၎င်း၏အဖွဲ့အခြေချရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် မနေတော့ဘဲ ယခင်နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မျဉ်းအနီးရှိ မယ်လစခန်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု သိရသည်။

ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက်အဖွဲ့ (၆) ဖွဲ့ရှိသည့်အနက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို ဗိုလ်ဌေးမောင်၏ အဖွဲ့တဖွဲ့တည်းကသာ ငြင်းဆန်ခဲ့ပြီး ကျန်အဖွဲ့များက လက်ခံသဘောတူခဲ့ကြသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက နအဖထိပ်တန်းခေါင်းဆောင်များနှင့် ဗိုလ်ဌေးမောင်အဖွဲ့တို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စ ဆွေးနွေးခဲ့ကြရာ ၎င်းတို့အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီးနောက် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ရန် ကရင်ပါတီအဖွဲ့အချို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကိုလည်း ငြင်းပယ်ခဲ့သည့် ဗိုလ်ဌေးမောင်အဖွဲ့၏ ရှေ့အလားအလာများနှင့်ပတ်သက်၍ ကရင်ခွဲထွက်အဖွဲ့များနှင့် ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားထုအတွင်း အထူးစိတ်ဝင်စားလျက်ရှိသည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက “ကရင်ခွဲထွက်အဖွဲ့တွေအနေနဲ့ သဘောထားအမှန်နဲ့ ပြန်လာတဲ့ ဘယ်အဖွဲ့ကိုမဆို ကြိုဆိုပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ဌေးမောင်နှင့်အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့်ပူးပေါင်းကာ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်နေထိုင်သည်။

ရဲရင့်/ ၉ ဧပြီ ၂ဝ၁ဝ - ခေတ်ပြိုင်

0 comments:

Post a Comment