Friday, January 22, 2010

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရမည်ကို စိုးရိမ်နေကြ

ရဲရင့်/ ၂၂ ဇန်န၀ါရီ ၂ဝ၁ဝ







တာ့ခ်ခရိုင် ထာ့စောင်ရမ်းမြို့နယ် နောင်ဘိုးရွာရှိ ယာယီဒုက္ခသည်စခန်းတွင် ခိုလုံနေသည့် ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်သို့ပြန်ရန် ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဗိုလ်ချုပ်ကြီးထနွန် စာအဖိရတ်ယိုထင် ကိုယ်တိုင် လာရောက်ပြောကြားခဲ့သည်ဟု သိရသည်။

ဒုက္ခသည်အရေးဆောင်ရွက်နေသူတဦးက “ဗုဒ္ဒဟူးနေ့က တိုင်းမှူးကိုယ်တိုင်လာပြီး ဒီမှာ ဒုက္ခသည်စခန်းတွေ ထပ်မတိုးတော့ဘူး၊ မြန်မာဘက်ခြမ်းမှာလည်း တိုက်ပွဲတွေမရှိတော့ဘူး၊ ဟိုဘက်မှာ ပြန်နေလို့ရပြီ၊ ဒီမှာနေတဲ့လူတွေ အကုန်ပြန်ကြရမယ်ဆိုပြီး လာပြောသွားတယ်။ ဒုက္ခသည်တွေကတော့ အတော်ထိတ်လန့်နေကြတယ်” ဟု ပြောသည်။


အဆိုပါဒုက္ခသည်များသည် ယမန်နှစ် ဇွန်လ ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်ဖွဲ့နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့စောင်ရမ်းမြို့နယ်ဘက်သို့ ထွက်ပြေးလာသူများဖြစ်သည်။

ဒုက္ခသည်အများစုမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှဖြစ်ပြီး လူဦးရေ (၄,၀၀၀) ခန့်ရှိသည့်အနက် ထိုင်းဘက်မှ ယာယီဖွင့်ထား ပေးသည့် နောင်ဘိုးစခန်းတွင် (၁,၀၀၀) ခန့်၊ မဲ့အူးစူးစခန်းတွင် (၁,၄၆၀)၊ မဲ့စလေစခန်းတွင် (၈၀၀) ခန့် နေထိုင်လျက်ရှိပြီး ကျန်ဒုက္ခသည်များမှာ နေရပ်ပြန်သူအချို့နှင့် ထိုင်းနိုင်ငံအတွင်း အလုပ်ရှာဖွေရန် ထွက်ခွာသွားသူအချို့တို့ ဖြစ်ကြသည်။

ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် ဘာသာပြန်မှတဆင့် ထိုင်းနယ်ခြားစောင့်တပ်က အကျပ်ကိုင် ဖိအားပေးမှုများ ရှိသည်ဟု ဒုက္ခသည်များက ပြောသည်။

ဒုက္ခသည်တဦးက “ဒီစခန်းကို လုံခြုံရေးယူထားတဲ့ ထိုင်းနယ်ခြားစောင့်တပ် (ထာ့ဟန်ဖန်း) အဖွဲ့က ဗိုလ်မှူးကြီးနို့ဖဒွန်းနဲ့ ဗိုလ်ကြီးပရီချာက အတော်ကို မောက်မာတယ်။ ကျနော်တို့ကို တိုင်းမှူးက မေးရင် အိမ်ပြန်ချင်တယ်လို့ ပြောခိုင်းတယ်။ အမှန်ကကြောက်လို့ ပြောရတာပါ၊ ဘယ်ပြန်ရဲမှာလဲ။ ဒီကေဘီအေနဲ့ ဗမာစစ်တပ်ဆီကိုပြန်ရမယ့် ဒုက္ခက ကျနော်တို့လို ကြုံဖူးတဲ့လူမှ ကိုယ်ချင်းစာတတ်မယ်၊ တကယ်အေးချမ်းလို့ကတော့ ကျွမ်းထိုးပြီးပြန်မယ်” ဟု ပြောသည်။

ယခင်က ထိုင်းအာဏာပိုင်များ၏ အတင်းအကျပ်ပြန်ပို့မှုများကြောင့် ၀ါးမီကလားရွာသားတဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့သည့်အတွက် နေရပ်ပြန်ရန် ဒုက္ခသည်များက စိုးရိမ်နေကြသည်။

ဒုက္ခသည်များပြန်လာပါက နေရာထိုင်ခင်းနှင့်စားနပ်ရိက္ခာများ စီစဉ်ထားပြီး မည့်သည့်အန္တရာယ်မှမရှိဟု မြန်မာဘက်တွင် အခြေစိုက်သည့် ဒီကေဘီအေ (၉၉၉) တပ်၊ တပ်ရင်း(၇) မှ အရာရှိတဦးက ပြောသည်။

နို့ဖိုးဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဒုက္ခသည် (၁,၀၀၀) ခန့်ကို မြန်မာဘက် အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် ထိုင်းနယ်ခြားစောင့် တပ်နှင့် ဒီကေဘီအေအဖွဲ့တို့သည် လာမည့်တနင်္လာနေ့၌ ထိုင်းဘက်ခြမ်းတွင် ဆွေးနွေးကြမည်ဟု စုံစမ်းသိရှိရသည်။


ခေတ်ပြိုင်သတင်းဌာနမှကူးယူဖော်ပြသည်။

0 comments:

Post a Comment