Sunday, August 23, 2009

ခလရ ၃၂ စစ်ကြောင်းအပစ်ခတ်ခံရပြီး နှစ်ယောက်သေ


Kaowao
သြဂုတ်၂၃ ၊၂၀၀၉။

စံခလပူရီ(သြဂုတ်-၂၃)။ ။ မကြာမီရက်ပိုင်းက ဘုရားသုံးဆူမှပြောင်းရွေ့ထွက်ခွာလာခဲ့သော ခလရ ၃၂ တပ်ရင်း စစ်ကြောင်းမှာ ယမန်နေ့၊ နံနက် ၁၁ ခန့်က တားဒိန်ချောင်းကိုဖြတ်ကျော်ပြီး သက်ကယ်နှင့် အပလုံရွာကြား၌ KNU ပြောက်ကြားများ၏ ပစ်ခတ်ခြင်းခံရ၍ နှစ်ယောက်သေဆုံးကာ ဘုရားသုံးဆူ-အနန်းကွင်း မော်တော်ကားလမ်း ဘေးတွင် ယင်းအလောင်းနှစ်လောင်း မြေမြှုပ်သဂြိုလ်ထားသည်ကို သိရှိရကြောင်း KNU တပ်မဟာ၆ ပြောခွင့်ရ အရာရှိက ပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီ၊ တားဒိန်ဂိတ်စခန်း တာဝန်ခံကလည်း “မနေ့နေ့လည်လောက်မှာ လက်နက်ကြီးပေါက်ကွဲသံ ၁၂ လုံးလောက် ကျနော်တို့ကြားမိတယ်၊ ၃၂ စစ်ကြောင်းက ၂ ယောက်ကျတယ်လို့ သိရတယ်” ဟု ပြောပြခဲ့သည်။

ထိုသို့အပစ်ခတ်ခံလိုက်ရပြီး လွန်ခဲ့သည့်ညတွင် သက်ကယ်ရွာ၌ ခလရ ၃၂ စစ်ကြောင်းပြန်လည်အိပ်လိုက်ရသည်။
ထို့နောက် ယနေ့နံနက် ၇ နာရီခန့်တွင် အပလုံရွာဖက်သို့ ထိုစစ်ကြောင်း ဆက်လက်ထွက်ခွာသွားနေသည်ဟု KNLA တပ်ရင်း ၁၆ ခွဲ ၂ မှ အရာရှိတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

သြဂုတ်လ ၂၀ ရက်နေ့၌ တားဒိန်စခန်းအနီး ညအိပ်ရပ်နားစဉ် တပ်ဖွဲ့ဝင် ၂ ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တားဒိန်ချောင်းအဖြတ်တွင် တပ်သားတစ်ဦး လက်နက်တစ်လက်နှင့်အတူ ရေမျောသေဆုံးခဲ့သည်။

ခလရ ၃၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော် ဦးစီးစစ်ကြောင်းမှာ လွန်ခဲ့သည့်သြဂုတ်လ ၁၉ ရက်နေ့တွင်စတင်၍ ဘုရားသုံးဆူနယ်စပ်မြို့မှ မိခင်တပ်ရင်းတည်ရှိသော ကြာအင်းဆိပ်ကြီးမြို့ဆီသို့ ရှေ့တန်းပြန်ခရီး တရွေ့ရွေ့ စတင်လာခဲ့ရာ လက်ရှိအနေအထား၌ စစ်ကူမရှိပဲ KNU ပြောက်ကျားများ အသင့်စောင့်ဆိုင်းနေသော လမ်းကြောင်း အတွင်း ခရီးမတွင်နိုင် ဖြစ်နေရသည်။

ဘုရားသုံးဆူမှ သံဖြူဇရပ်မြို့အနီးသို့ မြေနီလမ်းကြောင်းတောလမ်း အရှည်မိုင်မှာ ၅၈ မိုင်ခန့်ရှိသည်။ ဤလမ်း ကြောင်းတလျှောက်တွင် KNU ပြောက်ကျားများစိုးမိုးနိုင်သော ဧရိယာမှာ ၄၀ မိုင်ခန့်ရှိသည်။ ယခုစစ်ကြောင်းမှာ တစ်နေ့ ၅ မိုင်ခန့်ပင် ခရီးမပေါက်နိုင်သေးသည်ကို သတင်းမှတ်တမ်းများတွင် သိရှိနိုင်သည်။

0 comments:

Post a Comment