Friday, July 10, 2009

ထုတ်ပြန်ကြေညာချက် ( ၁။ ဇူလိုင် ၁၁၊ ၂၀၀၉)

ထုတ်ပြန်ကြေညာချက် ( ၁။ ဇူလိုင် ၁၁၊ ၂၀၀၉)



ကိုရီးယားနိုင်ငံရောက် ကရင်အမျိုးသားများနှင့် မြန်မာပြည်ဘွား တိုင်းရင်းသား ညီအကို မောင်နှမတို့အား အသိပေး ထုတ်ပြန်ကြေညာအပ်ပါသည်။

ယနေ့ဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေးနှင့် ကရင်ပြည်နယ်အတွင်း ကရင်အချင်းချင်း သပ်လျှို သွေးခွဲ၍ နအဖ စစ်အစိုးရ၏ ထိုးစစ်ဆင်မှုများနှင့် ပတ်သက်၍ ကိုရီးယားနိုင်ငံရောက် မျိုးချစ် ကရင်များ၏ ရင်ထဲတွင် အထူးပင် ၀မ်းနည်းကြေကွဲရပါသည်။ မည်သည့် ဖိနှိပ်မှုမျိုးမဆို မခံမရပ်နိုင်ဖြစ်လာပါက အုံကြွနိုးကြားလာတတ်သည်နှင့်အညီ ကိုရီးယားနိုင်ငံရောက် ကရင် အမျိုးသားတို့၏ မျိုးချစ်စိတ်သည်လည်း ရက်စက် ကောက်ကျစ် မတရားသော ဖိနှိပ်မှုများကို ပြန်လည် ဆန့်ကျင်ရန် စုစည်း ညီညွှတ်သော ကရင် အမျိုးသား နိုင်ငံရေးအဖွဲ့အစည်း တခုကို ကိုရီးယားနိုင်ငံအတွင်းတွင် တည်ရှိရန် လိုအပ်သည်ဟု ယုံကြည်သောကြောင့် ကိုရီးယားနိုင်ငံရောက် ကရင်မျိုးချစ်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ကရင် လူငယ်အစည်းအရုံး (ဗဟို) သို့ ဌာနခွဲအဖြစ် အသိအမှတ်ပြုပေးရန် လျှောက်ထားခဲ့ပါသည်။

ယခုအခါ ကရင် လူငယ်အစည်းအရုံး (ဗဟို)က ကိုရီးယားဌာနခွဲ၏ အခန်းကဏ္ဍကို ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိသောကြောင့် ဗဟို အစည်းအဝေး မတိုင်မှီအထိ ယာယီ အသိအမှတ်ပြုပြီး ဖြစ်ပါသည်။

ကရင် လူငယ် အစည်းအရုံး (ကိုရီးယားဌာနခွဲ)သည် ကရင် လူငယ် အစည်းအရုံး (ဗဟို) က ချမှတ်ပေးထားသော စည်းမျဉ်း စည်းကမ်းနှင့် လုပ်ငန်းစဉ်များအတိုင်း ကိုရီးယားနိုင်ငံအတွင်းတွင် အဆင်ပြေ လိုက်လျောညီထွေဖြစ်စေရန်အတွက် လှုပ်ရှား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မူလက ကိုရီုးယားနိုင်ငံ၌ရှိနေသော ကရင် အမျိုးသား မိတ်သဟာယအဖွဲ့နှင့် ယဉ်ကျေးမှု၊ လူမှုရေးပိုင်းဆိုင်ရာများကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကရင် အမျိုးသား အချင်းချင်း စည်းလုံး ညီညွှတ်ရေးကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

တခြားတဘက်မှလည်း ကိုရီးယားနိုင်ငံအတွင်းရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံရေး ပြဿနာ အ၀၀အားလုံးကို နိုင်ငံရေးနည်းအားဖြင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာစေရန် နအဖ စစ်အုပ်ကို တွန်းအားဖြစ်စေမည့် ကိစ္စရပ်များကို အထူးလုပ်ဆောင် သွားမည်ဖြစ်ပါသည်။



ကရင် အမျိုးသား စည်းလုံး ညီညွှတ်ရေးမှသည် ကရင် အမျိုးသား လွတ်မြောက်ရေး အောင်ပွဲရေးပန်းတိုင်ဆီသို့



အလုပ်အမှုဆောင်အဖွဲ့

ကရင် လူငယ် အစည်းအရုံး (ကိုရီးယားဌာနခွဲ) ယာယီ

၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၁ ရက် စနေနေ့



မိတ္တူ

နိုင်ငံရေးအဖွဲ့အစည်းများ

တိုင်းရင်းသားအဖွဲ့အစည်းများ

လူမှုရေးအဖွဲ့အစည်းများ

0 comments:

Post a Comment